- ဘလော့တွေ ပြန်ဖွင့်ပေးလိုက်တာ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ခဏရပ်လိုက်တာ ကောင်းတဲ့ ကိစ္စတွေပါ…
- ဘလော့တွေ ပြန်ဖွင့်ပေးလိုက်မှပဲ ကိုယ်စာတွေ ပြန်ရေးဖြစ်ပါတယ်… ဆိုင်တော့ သိပ်မဆိုင်ပေ့မယ့် ကိုယ့်စာကို အားပေးမယ့်သူ၊ ဝေဖန်မယ့်သူ၊ ဖတ်မယ့်သူမရှိပဲ စာတွေကို ရေးရတာ ကိုယ်အတွက်တော့ သိပ်အဆင်မပြေလှပါဘူး…
- အရင်ဘလော့ကို ဆက်မလုပ်တော့တဲ့အချိန်နဲ့ အခုဘလော့ကို ပြန်စတဲ့အချိန်ကြားမှာ အချိန်ကာလ (၂) နှစ်ကျော်လောက် ခြားသွားပါပြီ… အဲဒီ (၂) နှစ်ဆိုတဲ့အချိန်ကာလ အတွင်းမှာ ကိုယ်ဘဝမှာ အပြောင်းအလဲများစွာ၊ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး အတွေ့အကြုံတွေလည်း အများကြီးကို ရခဲ့ပါတယ်…(ကောင်းတဲ့၊ ချိုမြိန်တဲ့ အတွေ့အကြုံတွေ၊ ကိုယ်ဘဝကို ဓါးနဲ့မွန်းလိုက်သလို ခါးသက်သက် အဖြစ်အပျက်တွေနဲ့ပေါ့… မှားယွင်းမှုတွေကိုမှ ချိုမြိန်ခဲ့တဲ့ ကိုယ့်ရဲ့ မိုက်မဲမှုတွေ… )
- အဲဒါတွေက လွန်မြောက်တဲ့နေရာတစ်ခု၊ အခြေအနေတစ်ခုကို အခုတော့ ကိုယ်ပြန်ရခဲ့ပါပြီ….
- ဒီလိုကိစ္စတွေကို မသိခဲ့တုန်းက ကိုယ်ရေးခဲ့တဲ့စာတွေနဲ့ အခုရေးနေတဲ့ စာတွေနဲ့ အတိုင်းအတာတစ်ခုတော့ ကွာလိမ့်မယ်လို့ ကိုယ်ယူဆပါတယ်…
- လွန်ခဲ့တဲ့ ကာလတွေအတွင်းမှာ လုံးဝနီးပါး ကိုယ်စာမရေးခဲ့ပါဘူး…တစ်ခုခုကို ခံစားရလို့ ကြိုးစားပြီး ရေးပေမယ့် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ စာတစ်ပုဒ်ရေးလိုက် အပြီးမသတ်နိုင်လိုက်၊ စာရေးဖို့ စိတ်ကူးလိုက် အနှောက်အယှက်က ဝင်လာလိုက်နဲ့ တစ်မျိုးပြီး တစ်မျိုးကို ဖြစ်နေပါတတ်တယ်။ ကံကလည်း အဲဒီအချိန်မှာ ခေနေပုံရပါတယ်။
- တစ်ရက်မှာ ကိုယ်ငယ်ကတည်းက ရေးထားတဲ့ ကဗျာတွေ၊ စာတွေ၊ ဆွဲထားတဲ့ ပန်းချီလေးတွေကို ကိုယ်ကိုယ်တိုင် ဖျက်စီးလိုက်မိတယ်။ ဒေါသကြောင့်၊ မိုက်မဲမှုကြောင့် ကိုယ်မြတ်မြတ်နိုးနိုး ကလေးဘဝကတည်းက စုဆောင်းထားခဲ့တဲ့ အရာလေးတွေကို ဖျက်စီးလိုက်မိတဲ့အတွက် ကိုယ်အဲဒီနေ့မှာပဲ နောင်တရခဲ့ပါတယ်။ ပြီးတော့ ဘယ်တော့မှ စာထပ်မရေးတော့ဘူးဆိုပြီး ဆုံးဖြတ်မိတဲ့အထိ ကိုယ်ကိုယ်ကို စိတ်နာခဲ့တယ်။
- ဒါပေမယ့် ဒီလိုအတွေ့အကြုံတွေကပဲ ကိုယ့်ကို ပြောင်းလဲပေးလိုက်တာပါ။ အဆိုးထဲက အကောင်းတွေ အများကြီးကို ကိုယ်ရခဲ့တယ်။ ခါးသီးမှုတွေ အပြီးမှာ ကိုယ် ကိုယ့်ကိုယ့် ပိုသိ၊ ပိုနားလည်လာခဲ့တယ်။ ကိုယ်လိုချင်တာတစ်ခုအတွက် ကိုယ်မှာရှိတဲ့အရာတစ်ခုကို ပေးရမယ်ဆိုရင် အလဲအထပ်လုပ်ရဲတဲ့ သတ္တိတွေရှိလာခဲ့တယ်။ ကိုယ်ယုံကြည်တာအတွက် ပတ်ဝန်းကျင်ရဲ့ ပေတံကို ချိုးပစ်ရမယ်ဆိုရင်လည်း ကိုယ်ချိုးလိုက်ရဲလာပြီ။ ကိုယ်ကိုယ်ကို လေးစားနေသမျှ၊ ကိုယ်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ယုံကြည်နေသမျှ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်ကို လွန်ဆန်ရဲလာခဲ့တယ်။ (ကိုယ်မယုံကြည်တော့တဲ့ အလုပ်တစ်ခုကို ပတ်ဝန်းကျင်က အခြေအနေတွေကို ကြောက်ရွံ့ပြီး ဂငယ်ကွေ့ပြန်မကွေ့နိုင်ခဲ့တဲ့အတွက် အမှားတွေရဲ့ နွံ့မှာ နစ်သထက်နစ်ဖူးခဲ့ပြီ။)
- အခုတော့ ဖတ်လို့မကောင်းရင်တောင် ကိုယ်စာတွေကို ပြန်ရေးရဲတဲ့ သတ္တိရှိလာပါပြီ။ ကိုယ်စာလေးတွေကို ပုံနှိတ်စာလုံးနဲ့မဟုတ်တာတောင် ဘလော့ပေါ်မှာ မြင်ရတာ တော်တော် စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ဝိုင်းပြီးရေးကြတဲ့ ကော့်မန့်တွေကလည်း အားဆေးတွေပါပဲ။ တစ်ရက်တစ်ရက် ငါစာရေးရမယ်ဆိုတဲ့ စိတ်ကလည်း အမြဲနီးပါးရှိပါတယ်။ (အမြဲမရေးနိုင်တာကလွဲရင်ပေါ့၊ စာတစ်ပုဒ်ရေးအပြီးတိုင်းမှာ လူမှာ ခွန်အားကုန်သွားတတ်ပြီး နောက်တစ်ပုဒ်ရေးဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့တဲ့ ခံစားချက်တွေလည်း ဖြစ်တတ်တယ်။)
- ပိုစ့်တစ်ခုတင်ပြီးတိုင်း ကိုယ့်ကို ဝိုင်းပြီးပေးတဲ့ ကော့မန့်တွေကို စောင့်ဖတ်ရတာလည်း ပျော်စရာတစ်ခုဖြစ်သလို၊ ရင်ခုန်ဖို့လည်းကောင်းပါတယ်။ ငါရေးထားတာကို ဘယ်သူများ ဘာပြောမလဲပေါ့။ စာမေးပွဲ အမှတ်ကြည့်ရသလို ခံစားရတတ်ပြီး ကောင်းတယ်လို့ သဘောသက်ရောက်တဲ့ ကော့်မန့်လေးတွေပေးသွားရင် ကလေးလေးတစ်ယောက် ဝလုံးလေးတွေရေးထားတဲ့ စာမျက်နှာမှာ ဆရာမက မှင်အနီလေးနဲ့ Good/Very Good လို့ အရေးခံလိုက်ရသလို၊ အဲဒီဝလုံးလေးတွေနဲ့ Very Good လေးကိုပဲ ကြည့်မဝဖြစ်နေတတ်တယ်။ အဲဒါလေးတွေကို ကြည့်မဝဖြစ်ပြီး (၂) ရက်လောက်က အချိန်ကုန်တတ်ပါသေးတယ်။ ခဏက ဝလုံးလေးကနေ နောက်ထက် ကကြီးလေး ရေးဖို့ ကြိုးစားရင် ဝလုံးလေးရခဲ့တဲ့ Very good လေးမရမှာလည်း စိုးရိမ်မိသေးတယ်။
- တစ်ခြားကိစ္စတွေမှာ ကိုယ်စိတ်ချမ်းသာနေရင် လုပ်ရဲပေမယ့် စာရေးတဲ့ ကိစ္စကိုတော့ ကိုယ့်ရဲ့ ဝလုံးလေးတွေကို အကဲဖြတ် အမှတ်ပေးမယ့် မှင်နီကိုင်ထားတဲ့သူတွေကို ကိုယ်ဂရုစိုက်ပါတယ်။ (အရင်ဘလော့မှာတုန်းက ဘလော့ပေါ်မှာဆိုရင် ကိုယ်ရေးချင်တဲ့ ကိစ္စကို ဘယ်အယ်ဒီတာရဲ့ ဆင်ဆာကိုမှ ဂရုစိုက်ဖို့မလိုပဲ ရေးလို့ရတယ်လို့ ကိုယ်ရေးခဲ့ဖူးပါတယ်။ တကယ်က ကိုယ်မှားခဲ့တယ်။ အယ်ဒီတာတွေက ဆင်ဆာမဖြတ်ပေမယ့် ကိုယ့်စာဖတ်တဲ့သူကို ကိုယ်လေးစားဖို့ပါ ကိုယ်ထည့်စဉ်းစားခဲ့သင့်တယ်။ )
- ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာလေးကို သွားသတိရမိတယ်။
- ဒီစာပိုဒ်လေးကို ကြိုက်လို့ ဆရာစာအုပ်ဖတ်တိုင်းမှာ ဖတ်မိပါတယ်။ အဲဒီလိုစိတ်ထားတဲ့ အတွက်လည်း ဆရာ့ကို လေးစားပါတယ်။ ဒါလေးကို သတိရရှိလို့သာ ရေးလိုက်ပေမယ့် ဆရာလို ဖြစ်ဖို့တော့ ကိုယ်ကိုယ်ကို အိပ်မက်တောင် မမက်ပါဘူး။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊
မရူံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါ့အတတ်ဟု၊ စာဖတ်သူပေါ်၊
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
မလုပ်ပါတည်း။ ။
- ကိုယ့်ဘလော့လေးက ကိုယ်ရဲ့ ကျောက်သင်ပုန်း။
- ပိုစ့်တစ်ခုတိုင်းဟာ ကိုယ့်ရဲ့ ဝလုံးလေးတွေ။
- ကိုယ်ဆီကိုလာလည်တဲ့သူတွေကို မင်နီကိုင်ထားတဲ့ ဆရာ၊ ဆရာမလို့ ခံစားပြီး
- ကော့မန်တွေကတော့ အမှန်အမှားခြစ်ပေးတဲ့ အမှတ်လေးတွေပေါ့။
(ဒီအတွေးလေးကို ကော့မန့်တွေကိုဖတ်ပြီး ပျော်နေတဲ့ ကိုယ့်ကို စကြာပြောလိုက်တဲ့ နင်က ကလေးကျနေတာပဲ ဆိုတဲ့ သက်မှတ်ချက်လေးကို ဖတ်လိုက်တဲ့အချိန်မှာ ရပါတယ်)
း)x ကြိုးစား။
ReplyDeleteကြယ်လေး မဟုတ်ပဲ ကြယ်ကြီးဖြစ်တဲ့ထိ။
ကျေးဇူး စကြာ...
ReplyDeleteအားပေးတာ...
ကြိုးစားမယ် ကတိပေးတယ်...
အရင်တစ်ခါလိုလည်း မမှားတော့ဘူးး)