အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…
ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…
အခန်းကျဉ်းလေးဆီက သူငယ်ချင်း
- အခန်းလေးက လှည်းတန်းဈေးအနီးက သျှမ်းစားသောက်ဆိုင်တစ်ခုရဲ့ အပေါ်ထပ် (၅)လွှာရှိတယ်…
- တိုက်နံပါတ်က ကိုယ်သိပ်ကြိုက်တဲ့ နံပါတ် (၄၆) "ဘာလို့မှန်းမသိဘူး ကိုယ်က (၄၆) နဲ့ (၆၄) ကိုကြိုက်တယ်.. တစ်ခုခုဆို (၄၆) ခါလောက် လုပ်လိုက်ချင်တယ်ဆိုတာမျိုး၊ (၆၄) ခုလောက် ဝယ်လိုက်ချင်တယ် ဆိုတာမျိုး သိပ်ပြောတတ်တယ်"
- တိုက်နံပါတ် (၄၆) မှာ နေတဲ့သူတွေက ရှေးကတည်းက အဲဒီမြေနေရာမှာ အိမ်တစ်လုံးပိုင်ခဲ့ပြီး ကန်ထရိုက်တိုက်ခေတ်အရောက် တိုက်ဆောက်ပြီး မိသားစုတွေ၊ သားသမီးတွေ၊ မောင်နှမတွေ ခွဲဝေနေကြတဲ့ တိုက်ကလေးဖြစ်လို့ တိုက်တစ်ခုလုံးဟာ မိသားစုဆန်ဆန် နွေးထွေးမှုမျိုးကို ခံစားရစေခဲ့ပြီး လုံခြုံမှုရှိတယ်လို့ ကိုယ်ထင်ခဲ့တယ်။
- တိုက်ကလေးမှာ ဗေဒင်တွက်တဲ့ စာရေးတဲ့ ဦးလေးကြီး၊ အလှပြင်တဲ့ သူမိန်းမနဲ့ သူခယ်မအပျိုကြီးများ၊ ကိုယ်တို့လိုပဲ အခန်းစုငှားထားတဲ့ မိန်းကလေးတွေ၊ မိန်းမ (၂)ယောက်ရှိတယ်လို့ ပြောကြတဲ့ တိုက်နဲ့ မြေနေရာပိုင်ရှင် အသက် (၆၀) (၇ဝ) အဘိုးကြီး (ဆုံးသွားရှာပြီ) နဲ့ သူ့မျိုးဆက်သစ်များ၊ ဆရာဆရာလို့ လူတွေက ခေါ်ပေမယ့် ကိုယ်ကတော့ သူကို ဘာဆရာမှန်းမသိတဲ့ ဆရာတစ်ယောက်၊ အရပ်ရှည်ရှည် ပိန်ပိန်နဲ့ (အခုတော့ ဝသွားပြီ) ကိုယ့်ခင်တဲ့သူငယ်ချင်းနဲ့ သူအမ၊ သျှမ်းဆိုင်က စားပွဲထိုး၊ ဆိုင်ပိုင်ရှင်နဲ့ အမျိုးအဆွေ မိသားစုတွေ၊ တိုက်အောက်က လှေကားထောင့်အခန်းလေးမှာ နာရီပြင်တဲ့ နာရီပြင်ဆရာ၊ တိုက်အောက်က မြေပြန့်လေးမှာ ဂျာနယ်ရောင်းသူ၊ ကွမ်းယာရောင်းသူ၊ အိမ်ကလေးဝန်းကျင်မှာ Taxi ဂိတ်ထိုးပြီး ဒီတိုက်လေးရဲ့ မိသားစုဝင်တွေဖြစ်တဲ့ Taxi မောင်းသူ၊ Phone တစ်လုံးနဲ့ ပိုက်ဆံအရှာကောင်းတဲ့ တိုက်ပိုင်ရှင်သား ပွဲစားတစ်ယောက်၊ (သူရဲ့ နာမည်အရင်းကို ကိုယ်မမှတ်မိတော့ပေမယ့် သူကိုလူတွေခေါ်တာက အာလူးတဲ့၊ ဘာလို့ခေါ်မှန်းတော့ ကိုယ်လည်းမသိဘူး၊ စကားများလို့လား၊ ဖောရှော်ကောင်းလို့လား၊ ပုံပြင်ပြောကောင်းလို့လား မသိပါဘူး၊ သေချာတာကတော့ သူမှာ အဲဒီ အရည်အချင်းတွေအားလုံးရှိတယ်)၊ ရာသီအလိုက် ကြုံရာအလုပ်လုပ်တဲ့ လင်မယား စသည်ဖြင့် လူပေါင်းများစွာ၊ ပုံစံပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှိတယ်။
- (၅)လွှာက အခန်းလေးကို ရောက်ဖို့ လှေကားက တိုက်ခန်းတို့ ထုံးစံအတိုင်း ခပ်ကျဉ်းကျဉ်း၊ ကိုယ်တတ်နေတဲ့အချိန် တစ်ယောက်ယောက်ဆင်းလာရင် လှေကားအကွေ့ထောင့်လေးမှာ လမ်းဖယ်ပေးရတယ်၊ ကိုယ်က အရေးကြီးလို့ မြန်မြန်သွားချင်တယ်ဆိုလည်း အဲဒီ လှေကားအကွေ့လေးမှာပဲ ရှောင်သွားရလေ့ရှိတယ်…
- အဲဒီ(၅)လွှာက အခန်းလေးကို ပိုင်တဲ့သူက သျှမ်းလူမျိုးတစ်ယောက်ဖြစ်ပြီး အဲဒီအခန်းမှာ စုပြီးနေတဲ့ မိန်းကလေးတွေကလည်း သျှမ်းလူမျိုးတွေပဲ ဖြစ်တာများတယ်…
- အဲဒီအခန်းလေးက ပိန်ရှည်ရှည်လေးဖြစ်ပြီး အိမ်ခန်း ၃ ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုခန်း၊ အိမ်သာ၊ ရေချိုးခန်းတွေပါတယ်… (အမြဲတမ်းနီးပါး နေချင်တဲ့သူတွေ waiting list နဲ့ရှိနေတတ်ပြီး၊ အခန်းလွတ်ရှိသေးလားလို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေမေးရင် ကိုယ်တို့က ရှိတယ်၊ အိမ်သာခန်းနဲ့ ရေချိုးခန်းဆိုပြီး နောက်တတ်တယ်။ တစ်ခါက ကိုယ်သူငယ်ချင်း ယောကျာင်္းလေးတစ်ယောက်က အခန်းရှာနေတယ်ဆိုပြီး ကိုယ့်ကိုပြောတော့ ကိုယ်က ထုံးစံအတိုင်းစတယ်၊ ငါတို့ အိမ်မှာရှိတယ် အဲဒီ ၂ ခန်းပေါ့၊ သူက ဟုတ်ပြီတဲ့ နေမယ်တဲ့ ဒါပေမယ့် ဘယ်သူကိုမှ သူနေရာမဖယ်ပေးနိုင်ဘူးတဲ့။ ဟဟ )
- အိမ်ခန်း ၃ ခန်းရှိတဲ့ထဲက အကျဉ်းဆုံးအခန်းလေးမှာ ကိုယ်ဆိုတဲ့ မိန်းခလေးနေခဲ့တယ်…
- အခန်းကျဉ်းလေးထဲမှာ စာအုပ်စင် (၂) စင်၊ စာရေးစားပွဲအဖြစ်သုံးတဲ့ အဝတ်သေတ္တာလေးတစ်ခု၊ အိပ်ယာတစ်ခုနဲ့ ဆို တိုင်းပြီး အခန်းကန့်ထားသလိုကို ကွက်တိဖြစ်သွားတယ်။
- သူငယ်ချင်းတစ်ယောက်ကတော့ ကိုယ့်အခန်းကျဉ်းလေးကို ဆပ်ပြာခွက်ကလေးတဲ့၊ ဆပ်ပြာခွက်က ဆပ်ပြာထည့်လိုက်တာနဲ့ ပြည့်သွားသလို၊ ကိုယ့်အခန်းလေးကလည်း ကိုယ်ဝင်လိုက်တာနဲ့ ပြည့်သွားပြီတဲ့…
- လှည်းတန်းလမ်းမပေါ်က အခန်းကျဉ်းလေးကို စရောက်တော့ ကိုယ့်အသက် (၁၈) နှစ် ဝင်းကျင်…
- ကိုယ်နဲ့တူတူနေတဲ့ သူက (၃) ယောက်…
- တစ်ယောက်က ရှမ်းပြည်မြောက်ပိုင်းက၊ နောက်တစ်ယောက်က ရှမ်းပြည်တောင်ပိုင်းက၊ နောက်တစ်ယောက်တော့ ကိုယ်သေချာမမှတ်မိတော့ဘူး ကိုယ်ထင်တာတော့ မြောက်ပိုင်းပဲဖြစ်လိမ့်မယ်…
- ဒီလိုတူတူနေခဲ့တဲ့ သူတွေ အကြောင်းအမျိုးမျိုးနဲ့ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားပေမယ့် အခုချိန်ထိ အဲဒီအခန်းလေးကတော့ အရင်လိုပဲ ဆက်ရှိတုန်းပါပဲ။
- အဲဒီအခန်းမှာပဲ ကိုယ်ကျောင်းတတ်တယ်။ စာဖတ်တယ်။ စာရေးတယ်။ သီချင်းတွေကိုခံစားတယ်။ စဉ်းစားတယ်။ ဘွဲ့ရတယ်။ ပြင်သစ်စကားပြောတတ်လာတယ်။ အသည်းကွဲတယ်။ အလုပ်လုပ်တယ်။ ဘဝအကြောင်းကို သင်ယူတယ်။ အရေခွံမာလာတယ်။ လူတွေအကြောင်းကို သိခဲ့ရတယ်။ အပြုံးတုတွေကို နားလည်ခဲ့တယ်။ မိတ်ဆွေအစစ်နဲ့ အတုကို ခွဲခြားတတ်ခဲ့တယ်။ အဲဒီအခန်းကျဉ်းလေးမှာပဲ ကိုယ်ဆိုတာ မွေးလာခဲ့တယ်။
- အခန်းလေးအကြောင်းကိုရေးရင်း အခန်းလေးဘာအရောင်လဲလို့ ကိုယ်ပြန်စဉ်းစားနေတာ တော်တော်စဉ်းစားရတယ်.. အဝါရောင် ဖျော့ဖျော့လေး၊ အဖြူကျိုးရုံအရောင်လေးပေါ့… တစ်ခန်းလုံးမှာ ကိုယ့်ရဲ့ အမှတ်တရပစ္စည်းတွေနဲ့ အပြည့် နံရံပေါ်က ဓါတ်ပုံတွေ။ တန်းတွေနဲ့ စင်တွေပေါ်မှာ တင်ထားတဲ့ အရောင်စုံ ဆိုက်စုံ ခွက်လေးတွေ၊ အထူအပါး အစုံနဲ့ စာအုပ်တွေ၊ အခန်းနံရံမှာ ကိုယ်မတီးပဲ ဝယ်ထားတဲ့ ဂစ်တာတစ်လုံး၊ မီးပျက်သွားရင် လင်းတဲ့ မျက်နှာကြက်က ကြယ်လေးတွေ…..
- အဲဒီအခန်းလေးမှာ ကိုယ်သိပ်ချစ်တဲ့ သူငယ်ချင်းတစ်ယောက် ရခဲ့တယ်…
- သူက ကိုယ်ထက် တစ်နှစ်နဲ့ နှစ်ရက်တိတိ ပိုကြီးပြီး သူက ကိုယ့်ထက် ရုပ်ပိုနုတယ်။ အရပ်လည်းပိုပုတော့ သူကို ကိုယ့်ထက်အငယ်လို့ပဲ လူတွေက ထင်တတ်တယ်။ မွေးနေ့နီးတော့ ကိုယ်နဲ့သူ နေရာတော်တော်များများမှာ တူတတ်ပြီး မတူတာတွေလည်း အများကြီးရှိတယ်။ သူက အရမ်းကို အေးဆေးတယ်။ သူကိုစတွေ့တော့ သူဆံပင်က ရှည်ရှည်၊ နောက်များကျတော့ ဘာစိက်ကူးပေါက်လဲမသိပါဘူး။ တိုလိုက်တာ ယောကျာင်္းလေးတစ်ယောက်ဆံပင်လောက်ပဲ ကျန်တော့ရဲ့။
- သူရဲ့ Profession က Programmer ဖြစ်ပြီး သူဆီက ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပညာတွေ ကိုယ်တော်တော်ရခဲ့ဖူးတယ်…
- ကိုယ်နဲ့ တူတာတွေရော မတူတာတွေရော ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်းညီအစ်မလေးက အခု ခြင်္သေကျွန်းမှာ တစ်ကိုယ်တော် တိုက်ပွဲဝင်နေတယ်…
- သူက ကိုယ့်အတွက် မနက်ပိုင်းတွေဆို ကော်ဖီဖျော်ထားပေးတတ်တယ်..
- တစ်ခါတစ်ခါ ကိုယ်တို့ ၂ ယောက်တူတူ ဟင်းတွေချက်စားကြတယ်….
- တစ်ခါတစ်ခါ ကိုယ်တို့ တူတူ ရုပ်ရှင်ကြည့်တယ်…
- တစ်ခါတစ်ခါ မီးပျက်တဲ့ညတွေဆို ပြည်လမ်းမဘက် လမ်းထွက်လျှောက်ရင်း ကိုယ်ခန္တာနဲ့ အသက်မွေးနေတဲ့ မိန်းကလေးတွေနဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ငေးကြည့်ကြ ဝေဖန်ကြ…
- တစ်ခါတစ်ခါ သူက ဂစ်တာတီးပြ…
- တစ်ခါတစ်ခါ ကော်ဖီဆိုင်တူတူသွားကြ…
- တစ်ခါတစ်ခါ သူက ခွေကြည့်နေပြီး ကိုယ်က နံဘေးမှာ အိပ်မောကျ.. ပြီးမှ ဇာတ်လမ်းကို သူဆီကပြန်နားထောင်…
- တစ်ခါတစ်ခါ သူကို အွန်လိုင်းပေါ်က လှမ်းချိန်းပြီး ရုံးက အပြန် အပြင်လျှောက်လည်…
- တစ်ခါတစ်ခါ သူရုံးသွားချိန်ဆို ကိုယ်က အိပ်ယာမနိုးသေး၊ ကိုယ်အိမ်ပြန်ဝင်ချိန်ဆို သူအိပ်နေရင် တစ်ယောက်နဲ့ တစ်ယောက် စားပွဲပေါ်မှာ၊ မှန်ပေါ်မှာ message တွေ ကပ်သွား။ (တစ်ခါက ကိုယ်က ဟင်းချက်ထမင်းချက်ပြီး အပြင်သွားလိုက်တယ်။ ညစာစားနှင့်နော်လို့ စာလေးထားခဲ့တယ်။ ကိုယ်ပြန်လာတော့ သူစားပြီးပြီ.. ဒါပေမယ့် ကိုယ်ထားခဲ့တဲ့ message ကိုတော့ မဖတ်ရသေးဘူး)
- သူအလုပ်က ပြန်လာတာ နောက်ကျရင် ကိုယ်က မျှော်တတ်ပြီး.. ကိုယ်ပြန်လာတာနောက်ကျရင် သူကမျှော်တတ်တယ်… (သူအဲဒီအခန်းလေးက ထွက်မသွားခင် ကိုယ်က ဧရာဝတီတိုင်းကို အရင်ထွက်လာခဲ့တယ်… သူတစ်ယောက်တည်းကျန်ခဲ့တုန်းက သူကိုယ့်ကိုယ် ဘယ်လိုသတိရမယ်ဆိုတာ နားမလည်ခဲ့ပေမယ့်၊ သူ ခြင်္သေ့ကျွန်းကို ထွက်သွားအပြီး ကိုယ်အခန်းကျဉ်းလေးမှာ တစ်ခါတစ်ခါ သွားအိပ်ရင်တော့ သူကို သိပ်လွမ်းပါတယ်။ ကိုယ်နောက်ကျလည်း မျှော်မယ့်သူမရှိဘူး။ မနက်ကျရင်လည်း ကော်ဖီဖျော်တိုက်မယ့်သူမရှိဘူး။ ညကျလို့ ကိုယ်ကော်ဖီသောက်ချင်ရင်လည်း ကူသောက်မယ့်သူမရှိဘူး။ သူဖတ်မိမယ်ဆိုရင် ကိုယ်သူ့ကို လွမ်းတယ်ဆိုတာ သူသိစေချင်တယ်။)
- သူက သူများနဲ့ မတူတဲ့ ကောင်မလေးတစ်ယောက်… ဘယ်လိုမတူလဲ မပြောပြတတ်ပေမယ့် သူနဲ့ တူတဲ့နောက်တစ်ယောက် ကိုယ့်အတွက် ဘယ်တော့မှ ရှိတော့မှာမဟုတ်ပါဘူး။
- သူက မြန်မာစကားကို သျှမ်းစကားနဲ့ တစ်ခါတစ်ခါရောပြောတတ်တယ်.. တစ်ခါက ကိုယ်တို့ အောက်ထပ်က သျှမ်းဆိုင်မှာထိုင်နေရင်းက မြေပဲပြုတ်သည် ဦးလေးကြီးတစ်ယောက် လာတယ်။ သူက မြေပဲပြုတ်သွားဝယ်စားတယ်၊ သျှမ်းလို နှူးတယ် ဆိုတာကို ပွေလို့သုံးတယ်။ အဲဒါကို သူက ဦးလေးကြီးကို ကြည့်ပြီး မေးလိုက်ပုံက ဦးလေး… ပွေလား တဲ့… ။ ဦးလေးကြီးခမျာ ဖြေရကျပ်သွားပုံရတယ်။ တကယ်တော့ သူဆိုလိုတာက မြေပဲ နှူးလားလို့မေးတာ။ ကိုယ်တို့တွေ ရီလိုက်ရတာများ။ ပြန်တွေးရင် ပြန်ရီချင်တယ်။ …
- လှည်းတန်းဈေးထဲက ဈေးသည်တွေက ကိုယ်တို့ (၂)ယောက်ကို ညီမအစ်မတွေလို့ ထင်ကြတယ်။ ကိုယ်တို့ပေါင်မုန့်ဝယ်နေကျဆိုင်၊ သစ်သီးဝယ်တဲ့ဆိုင်က ဆိုင်ရှင်တွေက ကိုယ်တို့ (၂)ယောက် ပစ္စည်းတစ်ခုတည်းကို တူတူမဝယ်မိအောင် သတိပေးလေ့ရှိတယ်။ သူအရင်ဝယ်သွားလို့ပဲဖြစ်ဖြစ် ကိုယ်အရင်ဝယ်သွားလို့ဖြစ်ဖြစ် တစ်ရက်ထဲမှာ နောက်တစ်ယောက် အဲဒီပစ္စည်းဝယ်မယ်ဆိုရင် အကြီးတစ်ယောက် ဝယ်သွားတယ်နော့်။ အငယ်တစ်ယောက် ဝယ်သွားတယ်နော့် လို့ သတိပေးတတ်တယ်။ ကံဆိုးစွာနဲ့ ကိုယ်က အကြီးတစ်ယောက်လို့ အညွန်းခံရတယ်။ (သူကအရပ်ပုလို့၊ အရွယ်တင်တယ်ထင်ရအောင် သူက ရုပ်နဲ့ ဆံပင်နဲ့ အရပ်နဲ့ပါ ထိန်းထားတယ်)
- လခရတဲ့ ရက်တွေ၊ အိမ်က ပိုက်ဆံပို့တဲ့ ရက်တွေဆိုရင် လှည်းကလေး ဒိန်ချဉ်၊ လှည်းတန်းငါးကင်၊ မာလာဟင်း စသည်ဖြင့် တူတူသွားစားတတ်တယ်။
- မိန်းကလေးမဆန်တဲ့သူကို စိတ်ဝင်စားတဲ့ ယောကျာင်္းလေးတွေရှိပါတယ်။ သူနဲ့ကိုယ် နေရာတော်တော်များများမှာ တူပေမယ့် အဲဒီ ဇာတ်လမ်းရှင်းတာနဲ့ ရှုပ်တာတော့ ဟိုးဘက်နဲ့ ဒီဘက်ကွာတယ်။ သူက ဘယ်သူကိုမှ စိတ်မဝင်စားတတ်ဘူး။ သူမှာ အဲဒီပူလောင်တဲ့ သံယောဇဉ်တွေ မရှိဘူး။ သူကိုကြည့်ရင် အမြဲ အေးချမ်းတယ်။ သူကို ကိုယ်သူငယ်ချင်းလေးတစ်ယောက်လို့ အစ်မတစ်ယောက်လို့ ချစ်ခဲ့ပေမယ့်…. သူရည်းစားရသွားမှာကို ကိုယ်လုံးဝ မလိုလားခဲ့ဘူး… တကယ်လို့များ ရည်းစားရသွားရင် ကိုယ်မနာလိုဖြစ်တာနဲ့ တော်တော်ပူလောင်လိမ့်မယ်… ကံကောင်းထောက်မစွာနဲ့ အခုချိန်ထိ သူမှာ ချစ်သူမရှိခဲ့ဘူး။ ဒီစာသားလေးကို သူဖတ်မိရင် မျက်ခုံးပင့်သွားမလားပဲ။ ကိုယ်ကတော့ တစ်ယောက်ပြီး တစ်ယောက်တွဲ… လုပ်ချင်တာလုပ်ခဲ့တာလေ… ဒါပေမယ့် သူကိုတော့ ကိုယ်လို အသည်းခဏခဏမကွဲစေချင်ဘူး။
- ခွဲခဲ့တာ ၃ နှစ် လောက်ရှိပေမယ့်.... သူကိုရော... အခန်းကျဉ်းလေးကိုရော အခုချိန်ထိ ကိုယ်ရဲ့ ဘယ်ဘက်ရင်ဘတ်ထဲမှာ ထားတုန်းပါပဲ...
- (ဖတ်ပြီးမငိုနဲ့နော့်... ချစ်လို့ရေးတာ... လွမ်းလို့ရေးတာ...)
စိတ်ပုပ်လေး။
ReplyDeleteစိတ်ပုတ်တာ မဟုတ်ပါဘူး.. စိုးရိမ်တာ...
ReplyDeleteချစ်တာ
Thanks infinite .
ReplyDelete& Love you. Miss you.
အတူလျောက်ခဲ.တဲ.ပြည်လမ်း ... နေပြည်တော် မှာရုပ်ရှင်အသစ်တင်တိုင်းညကြီးမိုးချုပ် 11နာရီ 12 နာရီအထိကြည်.ခဲ.တာတွေ...
AFမှာ Free Show ရှိတိုင်းလိုက်လိုက်ကြည်.ခဲ.တာတွေ...
အများကြီးအများကြီးပါပဲ...
နေမကောင်းဖြစ်တိုင်း ပြုတ်ကျွေးခဲ.တဲ. ဆန်ပြုတ်အတွက် ကျေးဇူးအကြီးကြီးနော်...
ReplyDeleteပြီးတော.ဘာဆေးတွေမှန်းမသိတိုက်တဲ.အတွက်ရောပဲ ဟိဟိ...
နောင်.ကတော. ဘာဖြစ်ရင်ဘာဆေးသောက်ရမယ် ဆိုတာဘယ်တော.မှမှတ်မထားဘူး Sweet တိုက်တာပဲသောက်ခဲ.တာလေ ("ရော.နောင်. .... မေမေကဒါသောက်လို.ပြောလိုက်တယ်" ... ချစ်စရာကောင်းလိုက်တဲ. Sweet.Lay ...ကိုယ်ဖျားတာကို သူ.အမေကို သတိတရမေးပြီး ဆေးပါတခါတည်းဝယ်လာတိုက်သေးတယ်တယ်)
သူ.Guitar သာမရှိခဲ.ရင် နောင်.ဆိုတာ Guitar တီးတတ်မှာမဟုတ်ဘူး
ReplyDeleteအခုကျတော့ ကိုယ်ကိုယ်နေတိုင်မကောင်းဖြစ်ရင် အိမ်ကိုဖုန်းမဆက်တော့ပဲ .. ဆေးခန်းပဲသွားနေပြီ...
ReplyDeleteအိမ်က စိတ်ပူနေမှာစိုးလို့.. :)
Guitar တီးတတ်တာက နောင့်ကိုယ်တိုင်လည်းကြိုးစားလို့ပါ... တူတူရှိနေရက်နဲ့ ဆွိက မတီးတတ်လာပဲ နောင့်က တီးတတ်သွားတာလေ...
အခုဆွိရှိနေတဲ့ မြို့မှာ ရုပ်ရှင်ပြရင် မနက် ၉ခွဲတဲ့... ကြည့်မယ်ကြံတိုင်း အိပ်ယာမနိုးလို့ မကြည့်လိုက်ရတာ များသား ဟဟ