အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…
Showing posts with label တွေးမိတွေးရာ ရေးမိရေးရာ. Show all posts
Showing posts with label တွေးမိတွေးရာ ရေးမိရေးရာ. Show all posts

Sunday, October 2, 2011

အမှတ်လေးများ

  1. ဘလော့တွေ ပြန်ဖွင့်ပေးလိုက်တာ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ခဏရပ်လိုက်တာ ကောင်းတဲ့ ကိစ္စတွေပါ… 

  1. ဘလော့တွေ ပြန်ဖွင့်ပေးလိုက်မှပဲ ကိုယ်စာတွေ ပြန်ရေးဖြစ်ပါတယ်ဆိုင်တော့ သိပ်မဆိုင်ပေ့မယ့် ကိုယ့်စာကို အားပေးမယ့်သူ၊ ဝေဖန်မယ့်သူ၊ ဖတ်မယ့်သူမရှိပဲ စာတွေကို ရေးရတာ ကိုယ်အတွက်တော့ သိပ်အဆင်မပြေလှပါဘူး… 

  1. အရင်ဘလော့ကို ဆက်မလုပ်တော့တဲ့အချိန်နဲ့ အခုဘလော့ကို ပြန်စတဲ့အချိန်ကြားမှာ အချိန်ကာလ () နှစ်ကျော်လောက် ခြားသွားပါပြီအဲဒီ () နှစ်ဆိုတဲ့အချိန်ကာလ အတွင်းမှာ ကိုယ်ဘဝမှာ အပြောင်းအလဲများစွာ၊ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး အတွေ့အကြုံတွေလည်း အများကြီးကို ရခဲ့ပါတယ်(ကောင်းတဲ့၊ ချိုမြိန်တဲ့ အတွေ့အကြုံတွေ၊ ကိုယ်ဘဝကို ဓါးနဲ့မွန်းလိုက်သလို ခါးသက်သက် အဖြစ်အပျက်တွေနဲ့ပေါ့မှားယွင်းမှုတွေကိုမှ ချိုမြိန်ခဲ့တဲ့ ကိုယ့်ရဲ့ မိုက်မဲမှုတွေ… )

  1. အဲဒါတွေက လွန်မြောက်တဲ့နေရာတစ်ခု၊ အခြေအနေတစ်ခုကို အခုတော့ ကိုယ်ပြန်ရခဲ့ပါပြီ…. 

  1. ဒီလိုကိစ္စတွေကို မသိခဲ့တုန်းက ကိုယ်ရေးခဲ့တဲ့စာတွေနဲ့ အခုရေးနေတဲ့ စာတွေနဲ့ အတိုင်းအတာတစ်ခုတော့ ကွာလိမ့်မယ်လို့ ကိုယ်ယူဆပါတယ်… 

  1. လွန်ခဲ့တဲ့ ကာလတွေအတွင်းမှာ လုံးဝနီးပါး ကိုယ်စာမရေးခဲ့ပါဘူးတစ်ခုခုကို ခံစားရလို့ ကြိုးစားပြီး ရေးပေမယ့် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ စာတစ်ပုဒ်ရေးလိုက် အပြီးမသတ်နိုင်လိုက်၊ စာရေးဖို့ စိတ်ကူးလိုက် အနှောက်အယှက်က ဝင်လာလိုက်နဲ့ တစ်မျိုးပြီး တစ်မျိုးကို ဖြစ်နေပါတတ်တယ်။ ကံကလည်း အဲဒီအချိန်မှာ ခေနေပုံရပါတယ်။ 

  1. တစ်ရက်မှာ ကိုယ်ငယ်ကတည်းက ရေးထားတဲ့ ကဗျာတွေ၊ စာတွေ၊ ဆွဲထားတဲ့ ပန်းချီလေးတွေကို ကိုယ်ကိုယ်တိုင် ဖျက်စီးလိုက်မိတယ်။ ဒေါသကြောင့်၊ မိုက်မဲမှုကြောင့် ကိုယ်မြတ်မြတ်နိုးနိုး ကလေးဘဝကတည်းက စုဆောင်းထားခဲ့တဲ့ အရာလေးတွေကို ဖျက်စီးလိုက်မိတဲ့အတွက် ကိုယ်အဲဒီနေ့မှာပဲ နောင်တရခဲ့ပါတယ်။ ပြီးတော့ ဘယ်တော့မှ စာထပ်မရေးတော့ဘူးဆိုပြီး ဆုံးဖြတ်မိတဲ့အထိ ကိုယ်ကိုယ်ကို စိတ်နာခဲ့တယ်။ 

  1. ဒါပေမယ့် ဒီလိုအတွေ့အကြုံတွေကပဲ ကိုယ့်ကို ပြောင်းလဲပေးလိုက်တာပါ။ အဆိုးထဲက အကောင်းတွေ အများကြီးကို ကိုယ်ရခဲ့တယ်။ ခါးသီးမှုတွေ အပြီးမှာ ကိုယ် ကိုယ့်ကိုယ့် ပိုသိ၊ ပိုနားလည်လာခဲ့တယ်။ ကိုယ်လိုချင်တာတစ်ခုအတွက် ကိုယ်မှာရှိတဲ့အရာတစ်ခုကို ပေးရမယ်ဆိုရင် အလဲအထပ်လုပ်ရဲတဲ့ သတ္တိတွေရှိလာခဲ့တယ်။ ကိုယ်ယုံကြည်တာအတွက် ပတ်ဝန်းကျင်ရဲ့ ပေတံကို ချိုးပစ်ရမယ်ဆိုရင်လည်း ကိုယ်ချိုးလိုက်ရဲလာပြီ။ ကိုယ်ကိုယ်ကို လေးစားနေသမျှ၊ ကိုယ်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ယုံကြည်နေသမျှ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်ကို လွန်ဆန်ရဲလာခဲ့တယ်။ (ကိုယ်မယုံကြည်တော့တဲ့ အလုပ်တစ်ခုကို ပတ်ဝန်းကျင်က အခြေအနေတွေကို ကြောက်ရွံ့ပြီး ဂငယ်ကွေ့ပြန်မကွေ့နိုင်ခဲ့တဲ့အတွက် အမှားတွေရဲ့ နွံ့မှာ နစ်သထက်နစ်ဖူးခဲ့ပြီ။)

  1. အခုတော့ ဖတ်လို့မကောင်းရင်တောင် ကိုယ်စာတွေကို ပြန်ရေးရဲတဲ့ သတ္တိရှိလာပါပြီ။ ကိုယ်စာလေးတွေကို ပုံနှိတ်စာလုံးနဲ့မဟုတ်တာတောင် ဘလော့ပေါ်မှာ မြင်ရတာ တော်တော် စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ဝိုင်းပြီးရေးကြတဲ့ ကော့်မန့်တွေကလည်း အားဆေးတွေပါပဲ။ တစ်ရက်တစ်ရက် ငါစာရေးရမယ်ဆိုတဲ့ စိတ်ကလည်း အမြဲနီးပါးရှိပါတယ်။ (အမြဲမရေးနိုင်တာကလွဲရင်ပေါ့၊ စာတစ်ပုဒ်ရေးအပြီးတိုင်းမှာ လူမှာ ခွန်အားကုန်သွားတတ်ပြီး နောက်တစ်ပုဒ်ရေးဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့တဲ့ ခံစားချက်တွေလည်း ဖြစ်တတ်တယ်။)

  1. ပိုစ့်တစ်ခုတင်ပြီးတိုင်း ကိုယ့်ကို ဝိုင်းပြီးပေးတဲ့ ကော့မန့်တွေကို စောင့်ဖတ်ရတာလည်း ပျော်စရာတစ်ခုဖြစ်သလို၊ ရင်ခုန်ဖို့လည်းကောင်းပါတယ်။ ငါရေးထားတာကို ဘယ်သူများ ဘာပြောမလဲပေါ့။ စာမေးပွဲ အမှတ်ကြည့်ရသလို ခံစားရတတ်ပြီး ကောင်းတယ်လို့ သဘောသက်ရောက်တဲ့ ကော့်မန့်လေးတွေပေးသွားရင် ကလေးလေးတစ်ယောက် ဝလုံးလေးတွေရေးထားတဲ့ စာမျက်နှာမှာ ဆရာမက မှင်အနီလေးနဲ့ Good/Very Good လို့ အရေးခံလိုက်ရသလို၊ အဲဒီဝလုံးလေးတွေနဲ့ Very Good လေးကိုပဲ ကြည့်မဝဖြစ်နေတတ်တယ်။ အဲဒါလေးတွေကို ကြည့်မဝဖြစ်ပြီး () ရက်လောက်က အချိန်ကုန်တတ်ပါသေးတယ်။ ခဏက ဝလုံးလေးကနေ နောက်ထက် ကကြီးလေး ရေးဖို့ ကြိုးစားရင် ဝလုံးလေးရခဲ့တဲ့ Very good လေးမရမှာလည်း စိုးရိမ်မိသေးတယ်။ 

  1. တစ်ခြားကိစ္စတွေမှာ ကိုယ်စိတ်ချမ်းသာနေရင် လုပ်ရဲပေမယ့် စာရေးတဲ့ ကိစ္စကိုတော့ ကိုယ့်ရဲ့ ဝလုံးလေးတွေကို အကဲဖြတ် အမှတ်ပေးမယ့် မှင်နီကိုင်ထားတဲ့သူတွေကို ကိုယ်ဂရုစိုက်ပါတယ်။ (အရင်ဘလော့မှာတုန်းက ဘလော့ပေါ်မှာဆိုရင် ကိုယ်ရေးချင်တဲ့ ကိစ္စကို ဘယ်အယ်ဒီတာရဲ့ ဆင်ဆာကိုမှ ဂရုစိုက်ဖို့မလိုပဲ ရေးလို့ရတယ်လို့ ကိုယ်ရေးခဲ့ဖူးပါတယ်။ တကယ်က ကိုယ်မှားခဲ့တယ်။ အယ်ဒီတာတွေက ဆင်ဆာမဖြတ်ပေမယ့် ကိုယ့်စာဖတ်တဲ့သူကို ကိုယ်လေးစားဖို့ပါ ကိုယ်ထည့်စဉ်းစားခဲ့သင့်တယ်။ )

  1. ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာလေးကို သွားသတိရမိတယ်။
  2. ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊
    မရူံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
    တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
    တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊
    ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
    ငါ့အတတ်ဟု၊ စာဖတ်သူပေါ်၊
    ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
    မလုပ်ပါတည်း။    ။ 
     
  3. ဒီစာပိုဒ်လေးကို ကြိုက်လို့ ဆရာစာအုပ်ဖတ်တိုင်းမှာ ဖတ်မိပါတယ်။ အဲဒီလိုစိတ်ထားတဲ့ အတွက်လည်း ဆရာ့ကို လေးစားပါတယ်။ ဒါလေးကို သတိရရှိလို့သာ ရေးလိုက်ပေမယ့် ဆရာလို ဖြစ်ဖို့တော့ ကိုယ်ကိုယ်ကို အိပ်မက်တောင် မမက်ပါဘူး။ 

  1. ကိုယ့်ဘလော့လေးက ကိုယ်ရဲ့ ကျောက်သင်ပုန်း။
  2. ပိုစ့်တစ်ခုတိုင်းဟာ ကိုယ့်ရဲ့ ဝလုံးလေးတွေ။
  3. ကိုယ်ဆီကိုလာလည်တဲ့သူတွေကို မင်နီကိုင်ထားတဲ့ ဆရာ၊ ဆရာမလို့ ခံစားပြီး
  4. ကော့မန်တွေကတော့ အမှန်အမှားခြစ်ပေးတဲ့ အမှတ်လေးတွေပေါ့။ 
 
      (ဒီအတွေးလေးကို ကော့မန့်တွေကိုဖတ်ပြီး ပျော်နေတဲ့ ကိုယ့်ကို စကြာပြောလိုက်တဲ့ နင်က ကလေးကျနေတာပဲ ဆိုတဲ့ သက်မှတ်ချက်လေးကို ဖတ်လိုက်တဲ့အချိန်မှာ ရပါတယ်)

    Sunday, September 18, 2011

    ညီမျှခြင်း

    ကိုယ် သဘောင်္ဦးမှာ အိပ်မရလို့ ညကြီးသန်ခေါင် ခြင်အကိုက်ခံပြီးရေးထားတဲ့... ခံစားချက်တွေပါ...

    တစ်ရက် တစ်ရက် ကိုယ်မှာ ဖိအားတွေများလာပြန်ပြီ…
    ကိုယ်ဒီပတ်ဝန်းကျင်ကနေရော ကိုယ်ယောင်ဖျောက်ပြေးရအုံးမှာလား…
    မနက်ဖြန်တောင် ဘာတွေဖြစ်မယ်ဆိုတာ မတွေးချင်တာ…
    ကိုယ်ဒီပတ်ဝန်းကျင်မှာ ပျော်ရွှင်မှုနဲ့ အတူ စိတ်ပူစရာတွေ တွေ့ရပြန်ပြီ…
    ကိုယ်ကြောင့် ဘယ်သူကိုမှ မထိခိုက်စေချင်ပေမယ့် ထိခိုက်စေရအုံးမလား… ကိုယ်မသိဘူး…

    အရင်က အလုပ်မှာမပျော်တော့လို့ ကိုယ်ဒီအလုပ်ကိုပြောင်းလာတယ်…
    ခုလည်း အလုပ်တွေ ပင်ပန်းတဲ့ကြားထဲ ပျော်အောင်နေပါမှ… စိတ်ဖိစီးစရာတွေကို တွေ့ပြန်ပြီ…

    ဒီလပြီးရင် ကိုယ်ဘာဆက်လုပ်ရမလဲ…
    ကိုယ်တော့ အနားယူသင့်ပြီ ထင်ရဲ့… ဒီလိုဆိုရင်ရော အိမ်က ကိုယ့်ကို လက်ခံပါ့မလား…
    ကိုယ် ဒီအရပ်ဒေသမှာ တစ်ရက်တစ်ရက် သဘောင်္ပေါ်မှာ အိပ် သဘောင်္ပေါ်မှာစားနဲ့ မပျော်တော့ဘူး…
    သူတို့ဘဝတွေကို ကူညီနေတာနဲ့ပဲ ကိုယ်လည်း တိုးတတ်မှုတွေနဲ့ ဝေးနေပြီ…

    ကိုယ့်နေရာက ဘယ်မှာလဲ… ကိုယ့်ဘဝကြီးကို ဒီနေရာမှာ မမြုပ်နှုံချင်ဘူး…
    လွပ်လွပ်လပ်လပ်လေး ထွက်သွားခွင့်ရချင်တယ်…
    ကိုယ်ဘာဆက်လုပ်ရမလဲ…

    ဒီမှာ ဒီရေတောတွေ…
    ရေတတ်ရေကျတွေ…
    ရွှံ့တွေ… ခြင်တွေ…
    ဝမ်းရောဂါတွေ…
    မိုးသက်လေတွေ…
    ဆင်းရဲသား ဒါမှမဟုတ် ကံအကြောင်းမလှလို့ ဝေးလံခေါင်းပါးတဲ့ ဒီလို အရပ်ဒေသမှာ ဖြစ်တည်နေရတဲ့ သူတွေရဲ့ ငိုရှိုက်ညီးညူသံတွေ…
    (တစ်ခါတစ်ခါ ကြိုးစားချင်စိတ် မရှိပဲ… အချောင်လိုချင်တဲ့ ဟန်ဆောင်ညီးညူသံတွေ)
    တိုးတတ်ချင်ပေမယ့် ကြိုးစားချင်ပေမယ့် အခွင့်အလမ်း မရှိတဲ့ ကလေးတွေ…
    အမြင်ကျယ်အောင် စာဖတ်ဖို့နေနေသာသာ ကိုယ်နာမည်ကိုယ်တောင် မရေးတတ်သူတွေ…
    တစ်ခါတစ်ခါ မုန်တိုင်းသတင်းတွေ…
    လူမှုရေးအလုပ်တွေ လုပ်နေတာချင်းတူတူ … ရထားတဲ့ ရာထူးတစ်ခု ဂုဏ်ရှိန်တစ်ခု အတွက် မာနတတ်နေတဲ့သူတွေ…
    အဲဒါတွေကနေ ကိုယ်ထွက်ပြေးချင်ပြီ…
    ဘယ်မှာလဲ ကိုယ့်အတွက် ပျော်ရွှင်မှု…

    ဒီနေရာလေးမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး…
    ကမ္ဘာရွာကြီးလို့သတ်မှတ်ထားတဲ့ ဒီခေတ်ကြီးမှာ ဒီနေရာလေးမှာ ကွန်ပျူတာ မမြင်ဖူးတဲ့ ကလေးငယ်တွေရှိတယ်…
    ဒီနေရာလေးမှာ ကျောင်းသုံးစာအုပ် မဝယ်နိုင်လို့ ကျောင်းမတတ်ရတဲ့ ကလေးငယ်တွေရှိတယ်…
    ဒါဆိုဘယ်မှာလဲ… အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ မျှော်လင့်ချက်…
    ဥပဒေနဲ့ကျောင်းပြီးထားရင် သမ္မတတောင် တတ်ဖြစ်လို့ရတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ဒီနေ့တွေခဲ့တဲ့ကျောင်းက ကလေးငယ်တွေက ဆရာဝန်ဖြစ်ချင်တုန်း…
    နိုင်ငံခြားဘာသာစကားတွေ ပြောပြီး အွန်လိုင်းကနေ ကိုယ်တို့တွေ ဟိုဖက်ကမ္ဘာတစ်ခြမ်းနဲ့ ဆက်သွယ်မှုတွေ ကောင်းမွန်နေချိန်မှာ ဒီနေရာလေးမှာ…
    ဟိုဖက်ရွာ ဒီဖက်ရွာကို ၁ နာရီလောက် လှေလှော်နေရတုန်း…
    “One child per one laptop” တဲ့ ဒီနေရာလေးမှာ စာအုပ်မဝယ်နိုင်လို့ ကျောက်သင်ပုန်းနဲ့ စာသင်နေရတုန်း..
    တစ်ချို့တစ်ချို့သောသူတွေ အွန်လိုင်းမှာ သင်တန်းတတ်နေချိန်မှာ ဒီရွာက ကလေးတွေ ဟိုဖက်ရွာကို မသွားနိုင်လို့ စာသင်ခွင့်မရှိတုန်း…
    ကိုယ်တို့တွေ E-book တွေဖတ်နေချိန်မှာ သူတို့တွေ သူငယ်တန်းဖတ်စာအုပ် မဝယ်နိုင်လို့ စာအုပ်ထဲ ပြန်ကူးနေရတုန်း…

    ဘယ်မှာလဲ လူ့အခွင့်အရေး…
    ဘယ်မှာလဲ တန်းတူညီမှု…
    ဘယ်မှာလဲ ဖွံ့ဖြိုးတိုးတတ်မှု…

    ရွာသားတွေကတော့ ကျေးရွာ ဖွံ့ဖြိုးမှုဆိုတာကို ရွာလမ်းမှာ ရွံ့ခြေသလုံးလောက်အထိ နစ်မနစ်…
    ဘုန်းကြီးကျောင်း ရှိမရှိနဲ့ ဆုံးဖြတ်ကြတယ်…

    မင်းတို့ နေမကောင်းဖြစ်လို့ ဆရာဝန်ကို လူနာတင်ကားကို ဖုန်းဆက်ခေါ်နေချိန်မှာ သူတို့ သေလုမျောပါးဖြစ်နေရင် ၄ နာရီလောက် စက်လှေနဲ့သွားရတဲ့ ခရီးကို လှေလှော်သွားနေကြတုန်း…
    ကမ္ဘာကြီးမှာ သစ်တောပြုန်းတီးမှု ကမ္ဘာကြီးပူနွေးလာမှုကို အသည်းအသန်ကာကွယ်နေချိန်မှာ သူတို့မှာ သဘာဝဒီရေတောတစ်ခုလုံးကုန်အောင် မီးသွေးဖုတ်ပြီးတော့ အခု ကျန်ခဲ့တဲ့ သစ်မြစ်တွေပါ တူးပြီး မီးသွေးဖုတ်နေကြပြီ…
    သူတို့အတွက် သစ်တောကြိုးဝိုင်းက နောက်မှ အခုစားဝတ်နေရေးက အရင်ဖြစ်နေကြပြီ…
    ကဲ ဘယ်မှာလဲ အဖြေ…

    မြစ်ချောင်းတွေကြားမှာနေပြီး သောက်ရေမရှိတဲ့ ဘဝတွေ…
    ဘယ်သူ့တာဝန်လဲ…

    ဒီလိုနဲ့ကိုယ်လည်း ဆေးလိပ်တွေ ပိုသောက်တတ်ခဲ့တယ်…
    ဘီယာပျော့လို့ အရက်တွေသောက်တတ်ခဲ့တယ်…
    စိတ်ညစ်စရာတွေကို နည်းမျိုးစုံနဲ့ ဖြေဖျောက်တတ်လာတယ်…
    ဒါကရော ဘယ်သူ့တာဝန်လဲ…

    ဘာပဲပြောပြော ကိုယ်လည်း တကိုယ်ကောင်းဆန်ဆန်ပဲ.. တောင်ပေါ်ကိုပြန်ချင်ပြီ…
    ချယ်ရီတွေကိုလွမ်းပြီ…
    တောင်တန်းတွေကိုလွမ်းပြီ…
    ရှမ်းထမင်းဟင်းကိုလွမ်းပြီ…
    မနက်စာ တိုဖူးနွေးကိုလွမ်းပြီ…
    အင်းလေးကန်ကို လွမ်းပြီ…
    ကတ္တရာလမ်းပေါ်မှာ ပြန်လမ်းလျှောက်ချင်ပြီ…

    ရွာထဲကပြန်ထွက်လာရင် ကိုယ်ခြေထောက်ပေါ်မှာပေနေတဲ့ ရွှံ့မည်းပုတ်ပုတ်တွေကို မုန်းတယ်…
    ဆားငန်ရေကို မုန်းတယ်…
    ကိုယ့်ရှေ့မှာ အသတ်ခံလိုက်ရတဲ့ ကြက်သားဟင်းကို မုန်းတယ်…
    (ဂဏန်းတော့ကြိုက်တယ်)…
    ဆီပြန်ဟင်းတွေကို မုန်းတယ်…
    ကိုယ့်အသားဖြူဖြူတွေကို မဲသွားစေတဲ့ နေရောင်နဲ့ လေတွေကို မုန်းတယ်…
    ကိုယ့်ကံကြမ္မာကို မုန်းတယ်…
    သာယာတဲ့ တစ်နေရာရာကို သတ္တိရှိရှိနဲ့ မထွကိသွားရဲတဲ့ ကိုယ်ကိုယ်ကိုယ်မုန်းတယ်…
    ခံစားချက်ခပ်ပြင်းပြင်းတစ်ခုတွေ့တိုင်း ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကျန်းမာရေးကိုမုန်းတယ်… 



    www.sweet-sweet-tgi.blogspot.com မှာရေးခဲ့တဲ့ ခံစားချက်လေးပါ... အကြိုက်ဆုံးထဲမှာ ပါတဲ့အတွက် ပြန်လည်ကူးထည့်ထားပါတယ်

    Friday, September 16, 2011

    တွေးမိတွေးရာ ရေးမိရေးရာ ၁


    တဲ့…
    သီချင်းလေးက….
    ကျေးလက် အိမ်လေးနဲ့ဝေးပြီး
    ငြိမ်းချမ်းရာ နေရာလေးနဲ့ ဝေးပြီး
    တစ်ယောက်တည်း ရှင်သန်နေရတဲ့ ကိုယ့်လိုလူတွေ လောကမှာ ဘယ်လောက်များများရှိနေမလဲ…
    သေချာတာကတော့ ကိုယ်ဘေးမှာ ရှိနေတဲ့ လူတွေအားလုံးနီးပါပဲ….

    ကိုယ်တို့အခုရောက်နေတာ ကမ်းရိုးတန်းဒေသလေး တစ်ခုမှာပါ… ကိုယ်တို့ လုပ်တဲ့အလုပ်က NGO ဆိုတော့ နေရာပေါင်းစုံကို သွားရပါတယ်… လူပေါင်းစုံနဲ့ပေါင်းရပါတယ်… ကိုယ်ရောက်ဖူးတဲ့ နေရာတော်တော်များများထဲမှာ ဒီနေရာက တော်တော်ကို အမြင်ကျဉ်းပါတယ်… ကိုယ်အဆိုးမြင်နဲ့ရေးတာမဟုတ်ပါဘူး… ဒါပေမယ့် ကိုယ်တော်တော်တော့ ခံစားနေရပါတယ်… ဖြစ်နိုင်ရင် အလုပ်တောင် ဆက်မလုပ်ပဲ ထွက်ပြေးချင်လောက်အောင်ကို ဖြစ်တာပါ…

    NGOမှာ လုပ်နေတဲ့ မိန်းကလေးတွေဘဝက သာမန်မိန်းကလေး တစ်ယောက်ဘဝနဲ့ တော်တော်တော့ ကွဲပြားပါလိမ့်မယ်… ဒါကလည်း သက်သက်ကွဲချင်လို့ ကွဲတာမဟုတ်ပါဘူး… အခြေအနေကိုက ဒီလိုဖြစ်ဖို့ ဖန်တီးလာတာပါ… ကိုယ်တို့မှာ မနက်ထ ဈေးသွားဟင်းချက်ဖို့ထက် ကိုယ်တို့လုပ်လိုက်တဲ့ Project တစ်ခု ထိရောက်ဖို့ကို ပိုဦးစားပေးရပါတယ်…
    ညနေနေမဝင်ခင် အိမ်ထဲပြန်ဝင်ဖို့ထက် အလှူရှင်ရဲ့ ပိုက်ဆံတွေ လိုအပ်နေတဲ့လူတွေ လက်ထဲကို မှန်မှန်ကန်ကန်ရောက်သွားဖို့ ပိုဦးစားပေးရပါတယ်…
    အိမ်ကို ဖုန်းဆက်ဖို့ထက်… ရုံးက အလုပ်တွေ အချိန်မှီပြီးဖို့ အရေးပိုကြီးတတ်ပါတယ်…

    ကိုယ်တို့ထဲက တစ်ချို့က သားသမီးတွေကို အိမ်လို့ သက်မှတ်ထားတဲ့ နေရာလေးမှာ ထားခဲ့ရပြီး… ဒီလိုဝေးလံခေါင်သီတဲ့ နေရာမှာလာနေကြတယ်…. တစ်ချို့က ချစ်တယ်လို့ သတ်မှတ်ထားတဲ့ သူတို့ရဲ့ အဖော်တွေကို ထားခဲ့တယ်…
    ကိုယ်တို့တွေက မိဘတွေကို ကျေးလက်အိမ်လေးမှာ ဖြစ်ဖြစ် … မြို့ပြက အိမ်ခန်းကျဉ်းလေးမှာ ချန်ရစ်ခဲ့ကြပြီး မိန်းကလေးတန်မဲ့ တစ်ယောက်တည်း…

    လူတွေရဲ့ မျက်စေ့ဒေါက်ထောက်ကြည့်တာကိုလည်း ခံရလိုခံရရဲ့…
    ပတ်ဝန်းကျင်ရဲ့ အမြင်စောင်းမှုတွေကိုလည်း ခံရလိုခံရရဲ့…
    ကိုယ်ပေတံနဲ့.. သူပေတံ မတူညီမှူကြားက ဒါဏ်တွေကို အလူးအလဲခံရင်း…

    တစ်ခြားသူတွေ ဘယ်လိုရင်ဆိုင်နေလဲ ကိုယ်သေချာမသိပေမယ့် …
    ကိုယ်အတွက်တော့ တစ်ခါတစ်ခါ ဒီတောင်ကို ဆက်မတတ်ချင်လောက်အောင်ကို မောပန်းသွားတတ်တယ်…
    တစ်ခါတစ်လေကျတော့လည်း ကိုယ်ကိုယ်ကို ပြန်အားပေးရင်း…
    ကိုယ်က ဒီမှာ ခဏပေါ့… ဒီဒေသကလူတွေနဲ့ ကိုယ် အမြင်မတူတာ ပေတံ အရှည် မတူတာပါဆိုပြီး ပြန်အားတင်းရင်း…
    ဒီလမ်းပေါ်ကို ကိုယ်ဆက်လျှောက်မိပြန်ရော…

    မိန်းကလေးတစ်ယောက်တည်း ရှင်သန်နေထိုင်ရတာ .. ဘာလို့များ  ကိုယ်ချင်းစာတရား မရှိကြတာလဲ… လူတိုင်းကတော့ နွေးထွေးလုံခြုံတဲ့နေရာမှာပဲ နေချင်ကြမှာပါပဲ…
    ကိုယ်တို့တွေ ဒီနေရာကို… ဒီနေ့ ရောက်နေတာ .. အကြောင်းပေါင်းစုံရှိပါတယ်…
    ဒါပေမယ့် ဒီမိန်းကလေးတွေ အလုပ်လုပ်နေတာဟာ ပိုက်ဆံတစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာ … လူတော်တော်များများ သဘောပေါက်သင့်တယ်…
    ကိုယ်တို့မှာလည်း ကိုယ့်ယုံကြည်ချက် ရည်မှန်းချက်ရှိတာပဲ…
    ကိုယ်တို့တွေရဲ့ စိတ်ထဲမှာ မိန်းကလေးဖြစ်လို့ အိမ်ထောင်ပြု… ယောကျာင်္းတစ်ယောက်ကို ပြုစုဖို့ပဲ ရှိနေတာ မဟုတ်ပါဘူး.. ကိုယ်တို့လုပ်နေတဲ့ အလုပ်က အဲဒီ အိမ်မှုကိစ္စတွေထက် ပိုတာဝန်ကြီးပါတယ်… ပိုလို့လည်း လောကကို အကျိုးပြုပါတယ်…
    တစ်ချို့တစ်ချို့ ယောကျာင်္းတွေထက် ကိုယ်တို့လုပ်နေတဲ့ အကျိုးပြုလုပ်ငန်းတွေက လောကကို ပိုသာယာစေပါတယ်…
    ဒါများ ဘာလို့ ကိုယ်တို့ ဝတ်ပုံစားပုံတစ်ခုတည်းကို ကြည့်ပြီး ကိုယ်တို့ အနေအထိုင်တစ်ခုတည်းကို ကြည့်ပြီး .. ကိုယ်တို့ကို တန်ဖိုးဖြတ်လိုက်လဲဆိုတာ ကိုယ်လည်း မစဉ်းစားတတ်လောက်အောင်ပဲ…
    မိန်းကလေးတစ်ယောက် အိမ်တွင်းပုန်းလိုက်တာနဲ့ ..လေးစားစရာကောင်းသွားပြီး…
    မိန်းကလေးတစ်ယောက် အပြင်ထွက်ပြီး အလုပ်လုပ်လိုက်တာနဲ့… အဲဒီမိန်းကလေးက တန်ဖိုးကျသွားရောလား…
    နားမလည်နိုင်အောင်ပဲ… ခေတ်တွေပြောင်းခဲ့ပါပြီ… အမြင်တွေလိုက်ပြောင်းဖို့လိုပါသေးတယ်…