တစ်ရက် တစ်ရက် ကိုယ်မှာ ဖိအားတွေများလာပြန်ပြီ…
ကိုယ်ဒီပတ်ဝန်းကျင်ကနေရော ကိုယ်ယောင်ဖျောက်ပြေးရအုံးမှာလား…
မနက်ဖြန်တောင် ဘာတွေဖြစ်မယ်ဆိုတာ မတွေးချင်တာ…
ကိုယ်ဒီပတ်ဝန်းကျင်မှာ ပျော်ရွှင်မှုနဲ့ အတူ စိတ်ပူစရာတွေ တွေ့ရပြန်ပြီ…
ကိုယ်ကြောင့် ဘယ်သူကိုမှ မထိခိုက်စေချင်ပေမယ့် ထိခိုက်စေရအုံးမလား… ကိုယ်မသိဘူး…
အရင်က အလုပ်မှာမပျော်တော့လို့ ကိုယ်ဒီအလုပ်ကိုပြောင်းလာတယ်…
ခုလည်း အလုပ်တွေ ပင်ပန်းတဲ့ကြားထဲ ပျော်အောင်နေပါမှ… စိတ်ဖိစီးစရာတွေကို တွေ့ပြန်ပြီ…
ဒီလပြီးရင် ကိုယ်ဘာဆက်လုပ်ရမလဲ…
ကိုယ်တော့ အနားယူသင့်ပြီ ထင်ရဲ့… ဒီလိုဆိုရင်ရော အိမ်က ကိုယ့်ကို လက်ခံပါ့မလား…
ကိုယ် ဒီအရပ်ဒေသမှာ တစ်ရက်တစ်ရက် သဘောင်္ပေါ်မှာ အိပ် သဘောင်္ပေါ်မှာစားနဲ့ မပျော်တော့ဘူး…
သူတို့ဘဝတွေကို ကူညီနေတာနဲ့ပဲ ကိုယ်လည်း တိုးတတ်မှုတွေနဲ့ ဝေးနေပြီ…
ကိုယ့်နေရာက ဘယ်မှာလဲ… ကိုယ့်ဘဝကြီးကို ဒီနေရာမှာ မမြုပ်နှုံချင်ဘူး…
လွပ်လွပ်လပ်လပ်လေး ထွက်သွားခွင့်ရချင်တယ်…
ကိုယ်ဘာဆက်လုပ်ရမလဲ…
ဒီမှာ ဒီရေတောတွေ…
ရေတတ်ရေကျတွေ…
ရွှံ့တွေ… ခြင်တွေ…
ဝမ်းရောဂါတွေ…
မိုးသက်လေတွေ…
ဆင်းရဲသား ဒါမှမဟုတ် ကံအကြောင်းမလှလို့ ဝေးလံခေါင်းပါးတဲ့ ဒီလို အရပ်ဒေသမှာ ဖြစ်တည်နေရတဲ့ သူတွေရဲ့ ငိုရှိုက်ညီးညူသံတွေ…
(တစ်ခါတစ်ခါ ကြိုးစားချင်စိတ် မရှိပဲ… အချောင်လိုချင်တဲ့ ဟန်ဆောင်ညီးညူသံတွေ)
တိုးတတ်ချင်ပေမယ့် ကြိုးစားချင်ပေမယ့် အခွင့်အလမ်း မရှိတဲ့ ကလေးတွေ…
အမြင်ကျယ်အောင် စာဖတ်ဖို့နေနေသာသာ ကိုယ်နာမည်ကိုယ်တောင် မရေးတတ်သူတွေ…
တစ်ခါတစ်ခါ မုန်တိုင်းသတင်းတွေ…
လူမှုရေးအလုပ်တွေ လုပ်နေတာချင်းတူတူ … ရထားတဲ့ ရာထူးတစ်ခု ဂုဏ်ရှိန်တစ်ခု အတွက် မာနတတ်နေတဲ့သူတွေ…
အဲဒါတွေကနေ ကိုယ်ထွက်ပြေးချင်ပြီ…
ဘယ်မှာလဲ ကိုယ့်အတွက် ပျော်ရွှင်မှု…
ဒီနေရာလေးမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး…
ကမ္ဘာရွာကြီးလို့သတ်မှတ်ထားတဲ့ ဒီခေတ်ကြီးမှာ ဒီနေရာလေးမှာ ကွန်ပျူတာ မမြင်ဖူးတဲ့ ကလေးငယ်တွေရှိတယ်…
ဒီနေရာလေးမှာ ကျောင်းသုံးစာအုပ် မဝယ်နိုင်လို့ ကျောင်းမတတ်ရတဲ့ ကလေးငယ်တွေရှိတယ်…
ဒါဆိုဘယ်မှာလဲ… အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ မျှော်လင့်ချက်…
ဥပဒေနဲ့ကျောင်းပြီးထားရင် သမ္မတတောင် တတ်ဖြစ်လို့ရတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ဒီနေ့တွေခဲ့တဲ့ကျောင်းက ကလေးငယ်တွေက ဆရာဝန်ဖြစ်ချင်တုန်း…
နိုင်ငံခြားဘာသာစကားတွေ ပြောပြီး အွန်လိုင်းကနေ ကိုယ်တို့တွေ ဟိုဖက်ကမ္ဘာတစ်ခြမ်းနဲ့ ဆက်သွယ်မှုတွေ ကောင်းမွန်နေချိန်မှာ ဒီနေရာလေးမှာ…
ဟိုဖက်ရွာ ဒီဖက်ရွာကို ၁ နာရီလောက် လှေလှော်နေရတုန်း…
“One child per one laptop” တဲ့ ဒီနေရာလေးမှာ စာအုပ်မဝယ်နိုင်လို့ ကျောက်သင်ပုန်းနဲ့ စာသင်နေရတုန်း..
တစ်ချို့တစ်ချို့သောသူတွေ အွန်လိုင်းမှာ သင်တန်းတတ်နေချိန်မှာ ဒီရွာက ကလေးတွေ ဟိုဖက်ရွာကို မသွားနိုင်လို့ စာသင်ခွင့်မရှိတုန်း…
ကိုယ်တို့တွေ E-book တွေဖတ်နေချိန်မှာ သူတို့တွေ သူငယ်တန်းဖတ်စာအုပ် မဝယ်နိုင်လို့ စာအုပ်ထဲ ပြန်ကူးနေရတုန်း…
ဘယ်မှာလဲ လူ့အခွင့်အရေး…
ဘယ်မှာလဲ တန်းတူညီမှု…
ဘယ်မှာလဲ ဖွံ့ဖြိုးတိုးတတ်မှု…
ရွာသားတွေကတော့ ကျေးရွာ ဖွံ့ဖြိုးမှုဆိုတာကို ရွာလမ်းမှာ ရွံ့ခြေသလုံးလောက်အထိ နစ်မနစ်…
ဘုန်းကြီးကျောင်း ရှိမရှိနဲ့ ဆုံးဖြတ်ကြတယ်…
မင်းတို့ နေမကောင်းဖြစ်လို့ ဆရာဝန်ကို လူနာတင်ကားကို ဖုန်းဆက်ခေါ်နေချိန်မှာ သူတို့ သေလုမျောပါးဖြစ်နေရင် ၄ နာရီလောက် စက်လှေနဲ့သွားရတဲ့ ခရီးကို လှေလှော်သွားနေကြတုန်း…
ကမ္ဘာကြီးမှာ သစ်တောပြုန်းတီးမှု ကမ္ဘာကြီးပူနွေးလာမှုကို အသည်းအသန်ကာကွယ်နေချိန်မှာ သူတို့မှာ သဘာဝဒီရေတောတစ်ခုလုံးကုန်အောင် မီးသွေးဖုတ်ပြီးတော့ အခု ကျန်ခဲ့တဲ့ သစ်မြစ်တွေပါ တူးပြီး မီးသွေးဖုတ်နေကြပြီ…
သူတို့အတွက် သစ်တောကြိုးဝိုင်းက နောက်မှ အခုစားဝတ်နေရေးက အရင်ဖြစ်နေကြပြီ…
ကဲ ဘယ်မှာလဲ အဖြေ…
မြစ်ချောင်းတွေကြားမှာနေပြီး သောက်ရေမရှိတဲ့ ဘဝတွေ…
ဘယ်သူ့တာဝန်လဲ…
ဒီလိုနဲ့ကိုယ်လည်း ဆေးလိပ်တွေ ပိုသောက်တတ်ခဲ့တယ်…
ဘီယာပျော့လို့ အရက်တွေသောက်တတ်ခဲ့တယ်…
စိတ်ညစ်စရာတွေကို နည်းမျိုးစုံနဲ့ ဖြေဖျောက်တတ်လာတယ်…
ဒါကရော ဘယ်သူ့တာဝန်လဲ…
ဘာပဲပြောပြော ကိုယ်လည်း တကိုယ်ကောင်းဆန်ဆန်ပဲ.. တောင်ပေါ်ကိုပြန်ချင်ပြီ…
ချယ်ရီတွေကိုလွမ်းပြီ…
တောင်တန်းတွေကိုလွမ်းပြီ…
ရှမ်းထမင်းဟင်းကိုလွမ်းပြီ…
မနက်စာ တိုဖူးနွေးကိုလွမ်းပြီ…
အင်းလေးကန်ကို လွမ်းပြီ…
ကတ္တရာလမ်းပေါ်မှာ ပြန်လမ်းလျှောက်ချင်ပြီ…
ရွာထဲကပြန်ထွက်လာရင် ကိုယ်ခြေထောက်ပေါ်မှာပေနေတဲ့ ရွှံ့မည်းပုတ်ပုတ်တွေကို မုန်းတယ်…
ဆားငန်ရေကို မုန်းတယ်…
ကိုယ့်ရှေ့မှာ အသတ်ခံလိုက်ရတဲ့ ကြက်သားဟင်းကို မုန်းတယ်…
(ဂဏန်းတော့ကြိုက်တယ်)…
ဆီပြန်ဟင်းတွေကို မုန်းတယ်…
ကိုယ့်အသားဖြူဖြူတွေကို မဲသွားစေတဲ့ နေရောင်နဲ့ လေတွေကို မုန်းတယ်…
ကိုယ့်ကံကြမ္မာကို မုန်းတယ်…
သာယာတဲ့ တစ်နေရာရာကို သတ္တိရှိရှိနဲ့ မထွကိသွားရဲတဲ့ ကိုယ်ကိုယ်ကိုယ်မုန်းတယ်…
ခံစားချက်ခပ်ပြင်းပြင်းတစ်ခုတွေ့တိုင်း ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကျန်းမာရေးကိုမုန်းတယ်…
www.sweet-sweet-tgi.blogspot.com မှာရေးခဲ့တဲ့ ခံစားချက်လေးပါ... အကြိုက်ဆုံးထဲမှာ ပါတဲ့အတွက် ပြန်လည်ကူးထည့်ထားပါတယ်
No comments:
Post a Comment