အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…
Showing posts with label ခရီးထွက်မယ်.... Show all posts
Showing posts with label ခရီးထွက်မယ်.... Show all posts

Saturday, January 31, 2015

ကျမချစ်သော ချင်းပြည်နယ်



လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်လေးက ကျမ ဒီအေးချမ်းတဲ့ ချင်းပြည် စရောက်ခဲ့တယ်။ ကျမရောက်ခဲ့တဲ့မြို့က မင်းတပ်လို့ ခေါ်တဲ့ ချင်းမြို့ကလေး။ အဲဒီမြို့လေးကို ဆိုယ်ကယ်နဲ့ တတ်လာခဲ့တာ ညမအိပ်ပဲ အညာကို ပြန်ဆင်းသွားခဲ့တယ်။ 

အဲဒီ နေ့က Sunday

အဲဒီနေ့က မိုးတိမ်တွေ ကောင်းကင်ယံမှာ ၀ဲနေတယ်။ 

တစ်ရွေ့ရွေ့ ကျမတို့ တောင်ပေါ်ရောက်လာတာနဲ့ အမျှ တိမ်တိုက်တွေက ကျမတို့အောက်ကို ရောက်သွားခဲ့တယ်။ မြို့လေးရဲ့ တည်ဆောက်ပုံ၊ အိမ်ပုံစံ၊ ပေါက်နေတဲ့ အပင်လေးတွေဟာ ကျမ ငယ်ငယ်က နေခဲ့တဲ့ ကျမရဲ့ ချစ်စရာ တောင်ကြီးမြို့နဲ့ ခပ်ဆင်ဆင်တူတာကြောင့် ချင်းပြည်နယ်ကို ကျမ ချက်ခြင်းချစ်သွားခဲ့တယ်။ 

ငယ်ငယ်တုန်းက ဒီပြည်နယ်တွေကိုရောက်ဖို့ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး။ ရန်ကုန်ကိုတောင် ကျမတို့ မြို့နေ တော်တော်ဝေးသား။ တောင် အထပ်ထပ်ကို လမ်းဆိုးဆိုးကို ကားစီးရတာ.. ကားတွေမူး ပေါ့။ ရန်ကုန်သွားရင်တောင် ကျမအတွက် ငရဲကျသလိုပါပဲ။ တစ်နေ့နဲ့ တစ်ညလောက် စီးရတဲ့ ခရီးကို တောင်ကြီးက ထွက်ပြီး ၂ နာရီ ၃ နာရီလောက်ဆိုရင် ဖေဖေ ရန်ကုန်ရောက်ပြီလားဟင်လို့ မေးတတ်တဲ့ ကျမ။ 

ကျမမြို့ကနေ တော်တော်ဝေးတဲ့ ဒီချင်းပြည်နယ်ကို လာဖို့ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ စိတ်ကူးတစ်ခုပေါ့။ ပထ၀ီသင်တဲ့အချိန်မှာ ဒီပြည်နယ်အကြောင်း ကျမ အော်ကျက်ခဲ့ဖူးမှာပါ။ ဒါပေမယ့် နတ်မတောင်၊ ၀ိတိုရိယတောင်ဆိုတာတော့ ခေါင်းထဲမှာ ကျန်ခဲ့ပေမယ့် အဲဒီတောင်တွေ ဘယ်နားရှိလဲ ကျမ တကယ်မသိခဲ့ဘူး။ မှတ်လည်းမထားခဲ့ဘူး။ ကျမက စာတော်တဲ့ထဲမပါပါဘူး။ ကျောင်းစာကို စိတ်ဝင်စားတဲ့ ကျောင်းသူတစ်ယောက်လည်း မဟုတ်ခဲ့ဘူးထင်တယ်။ 

ငယ်က ကားစီးရင် ကားမူး အန်ခဲ့ပေမယ့် တစ်ဖြည်းဖြည်းကြီးလာတဲ့အချိန် ကျမ သိပ်မမူးတတ်တော့ဘူး။ ဒါပေမယ့် ခရီးထွက်ရတဲ့အရသာကို မှတ်မှတ်ရရ (၇) တန်း အထိ ကျမ မကြိုက်ဘူး။ မုန်းလည်း မုန်းတယ်။ တောင်ကြီးမှာ ရာသီဥတု သာသာယာယာ အေးအေးချမ်းချမ်းနဲ့ သန့်သန့်ရှင်းရှင်းလေးနေရတဲ့ အရသာကိုပဲ ကျမကြိုက်တယ်။ စာအုပ်တွေဖတ်၊ သီချင်းလေးနားထောင်ပြီး အိမ်ထဲမှာပဲ နေချင်တယ်။ (၇)တန်းလောက်မှာ တစ်မိသားစုလုံး ငပလီ၊ ချောင်းသာ၊ ကမ်းသာယာတွေ ကားမောင်းပြီးသွားကြတယ်။ ကျမ အဲဒီခရီးမှာ နည်းနည်းလေးမှ ပျော်ခဲ့တယ်လို့ မထင်ဘူး၊ အမှတ်ရလိုက်တိုင်း စိတ်ညစ်စရာတွေပဲ မှတ်မိတယ်။ နေပူတာတွေ၊ ဖုန်ထူတာတွေ၊ ခြေထောက်မှာ သဲတွေပေတာတွေ ကျမသိပ်မုန်းခဲ့တယ်။ ကားပေါ်မှာ လူတွေတစ်ပြုံတစ်ခေါင်းကြီး ကျပ်ညပ်ပြီးထိုင်ရတာလည်း မုန်းတယ်။ ခရီးနဲ့ ပတ်သက်ပြီး ကျမ အမှတ်ရနေတာတွေပေါ့။ 

သေချာတာကတော့ ခရီးသွားရတာဟာ အိမ်မှာနေရသလို ဇိမ်မကျတာ အမှန်ပဲ။ 

နောက်တစ်ခုက မေမေက စိတ်ပူပြီး ဟိုဟာမလုပ်နဲ့ ဒီဟာမစားနဲ့ ပြော၊ ကျမက စိတ်ကျဉ်းကျပ်၊ စိတ်ကောက်၊ မေမေက စိတ်ဆိုး၊ အော်ချင်အော်မယ်၊ ဆူချင်ဆူမယ် ဆိုတာတွေဖြစ်နေတော့ ကျမ ခရီးသွားတိုင်း စိတ်ညစ်နေတာပဲ။ 

ဒီလိုနဲ့ (၈)တန်းနှစ် နွေရာသီမှာ ကျမ အမတွေရဲ့ အဆက်အသွယ်ကြောင့် ရှမ်းပြည် မြောက်ပိုင်းမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး (၁၀)နှစ်ပြည့်အခန်းအနားမှာ ယဉ်ကျေးမှုအကအဖွဲ့နဲ့ ကျမလိုက်သွားဖို့ဖြစ်လာခဲ့တယ်။ စာရင်းသာပေးလိုက်ရတယ် ကျမ အကဆိုတာ ဘာမှန်းမသိပါဘူး။ ယဉ်ကျေးမှုအသင်းကလည်း ကြိုးစားပြီးသင်ပေးရှာပါတယ်။ ဒါပေမယ့် ဘာသာရပ်တော်တော်များများမှာ ညံ့တဲ့ကျမ အဲဒီအပိုင်းမှာလည်း တော်တော်ညံ့ပါတယ်။ ဒါပေမယ့် ကျမကို ဒီခရီးကို မခေါ်တော့ဘူးလို့တော့ အသင်းက မဆုံးဖြတ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ကျမ ဒီနေ့ ဒီရက်အထိ မသိခဲ့ဘူး။ ဒီလိုနဲ့ ကျမတို့ တောင်ကြီးရှမ်းယဉ်ကျေးမှုအသင်း၊ ပအိုပ့်ယဉ်ကျေးမှုအသင်းနဲ့ ကိုးကန့်ယဉ်ကျေးမှုအသင်းတို့ဟာ ရှမ်းပြည်မြောက်ပိုင်း ချင်းရွေဟော်မြို့ကို သွားခဲ့ကြတယ်။ ခရီးဟာ ရက် ၂၀ ၀င်းကျင်လောက်ကြာတယ်။ မိသားစုမပါပဲ ပထမဆုံး သွားခဲ့ဖူးတဲ့ ခရီးတစ်ရှည်ကြီးပေါ့။ 

မန္တလေး၊ မေမြို့၊ လားရှိုး၊ လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွေဟော် နောက် တရုတ်ပြည်နယ်စပ်ထိကို ရောက်ခဲ့ကြတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တစ်ချို့လမ်းတွေဟာ တောင်ပိုင်းက လမ်းတွေထက် ကျယ်ပြန့်ပြီး တစ်ချို့လမ်းတွေကျတော့ တကယ့်ကို ကားတစ်စီးစာလောက်ပဲ ကျဉ်းတယ်။ တစ်ချို့တစ်ချို့တွေဆိုရင် ကားပေါ်က လမ်းဘေးကိုကြည့်လိုက်တာ ကြောက်ကြတာပေါ့။ 
အဲဒီခရီးတစ်လျှောက်မှာ လူတွေ အများကြီးကို ကျမတွေ့ခဲ့တယ်။ စရိုက်အစုံကို မြင်ဖူးခဲ့တယ်။ ဓလေ့ပေါင်းစုံကို တွေ့ခဲ့ရတယ်။ ကူညီတတ်တဲ့လူတွေ၊ မနာလိုတတ်တဲ့လူတွေ၊ အတင်းပြောတတ်တဲ့သူတွေ၊ ပျော်ပျော်နေတတ်တဲ့သူတွေ၊ မျက်နှာထားမာပေမယ့် ကျမဖျားတဲ့အချိန်ကျ ကူညီပေးတဲ့ ဂရုစိုက်ပေးတဲ့သူတွေ၊ (၈)တန်းကျောင်းသူလေးဆိုပြီး ချစ်တမ်းကစားဖို့ ကြိုးစားချင်တဲ့သူတစ်ယောက် (နောက် ကျမပြန်တွေ့လို့ ရီပြတော့ သူက ကျမကို မှတ်မိဘူးရှင့်)။ 

လူတွေရဲ့ စရိုက်တွေ အပြင် နေရာတစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ အကျင့်တွေကိုတွေ့ရတယ်။ ကျမအတွက် အဆင်မပြေဆုံးတစ်ခုကတော့ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ်၊ တရုတ်စရိုက်တွေ စိမ့်ဝင်နေတဲ့ ရှမ်းမြေရဲ့ အိမ်သာဓလေ့။ လူ့မစင်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ ပြန်အသုံးချတာကြောင့် သူတို့ရဲ့ ရေအိမ်တွေဟာ privacy နည်းနည်းလေးမှ မရှိဘူး။ Hygienic လုံးလုံးမဖြစ်ဘူး။ 

အဲဒီခရီးကပြန်လာပြီး နောက်ခရီးတစ်ခုက လွိုင်ကော်ကို ကျမ ဖိုးဖိုးဖွားဖွားနဲ့ တူတူသွားခဲ့တဲ့ ခရီး။ ဆယ်တန်းဖြေပြီးခါစလောက်ကပေါ့။ အဲဒီခရီးစဉ် ၂ ခုက ခရီးတွေကို ကျမထားတဲ့ သဘောထားကို စတင်ပြောင်းလဲခဲ့တယ်။ 

ဆယ်တန်းဖြေထားပြီးချိန်မှာ မြသန်းတင့်ရဲ့ လေလွင့်သူကို ဖတ်မိပြန်တော့ သူလို့ ရောက်ရာပေါက်ရာ ထွက်သွားချင်တဲ့စိတ်တွေ ကျမမသိစိတ်မှာ ကိန်းအောင်နေခဲ့ပုံပေါက်တယ်။ ကျမ အသည်းအသန်လိုချင်ခဲ့တဲ့ အရာတစ်ခုက လောင်းရိပ်အောက်က ထွက်နိုင်ဖို့။ ကျမ အိမ်မှာ မနေချင်ဘူး၊ ဖိုးဖိုးရဲ့ နာမည်၊ ဖွားဖွားရဲ့နာမည်၊ ဖေဖေရဲ့ နာမည်၊ မေမေ့ရဲ့နာမည်၊ အမတွေရဲ့ နာမည်နဲ့ ကျမကို စတင်မိတ်ဆက်ခံတာတွေကို ကျမ မကြိုက်ဘူး။ ဘယ်သူမြေး၊ ဘယ်သူ့ သမီး၊ ဘယ်သူညီမဆိုတာတွေကြောင့် ကျမဟာ ကျမကိုယ်ပိုင် ဖြစ်တည်မှုကို တည်ဆောက်ခွင့်မရခဲ့ဘူး။ 

ဆယ်တန်း အောင်စာရင်းထွက်လာတဲ့အချိန်မှာ ကျမ တောင်ကြီးကနေ ထွက်လာချင်တဲ့၊ အိမ်ကနေ ဘာပဲဖြစ်ဖြစ် ထွက်သွားလိုက်ဖို့ ဆိုတဲ့ အိမ်မက်နောက်ကို ကျမလိုက်ပစ်လိုက်တယ်။ ပထမဆုံး မန္တလေးမှာ နိုင်ငံခြားဘာသာ တက္ကသိုလ်သွားတတ်လိုက်တယ်။ အမြဲ အေးချမ်းတဲ့ ရာသီဥတုထဲမှာ လုံးချင်းအိမ်လေးနဲ့ နေခဲ့တဲ့ကျမ အဆောင်သူ အယောက် ၄၀ ၅၀ ၀င်းကျင်နဲ့ သုံးပေလောက်ကျယ်တဲ့ ကုတင်လေးတစ်လုံးပေါ်မှာ တစ်ယောက်တည်းဘ၀ကို စခဲ့တယ်။ ကျမဆီမှာ ကော်ဖီ၊ ခေါက်ဆွဲခြောက်တွေထည့်ထားတဲ့ သေတ္တာတစ်လုံး၊ အ၀တ်အစားထည့်တဲ့ သေတ္တာတစ်လုံးရှိတယ်။ စာအုပ်နည်းနည်းရှိတယ်။ ကျမရေးထားတဲ့ ကဗျာတွေရှိတဲ့ စာအုပ်နည်းနည်းရှိတယ်။ 

ပထမနှစ်ဝက်တတ်ပြီးတဲ့အချိန်မှာ ကျမမျက်လုံးတွေ စာဖတ်လို့မကောင်းတော့ဘူး။ မျက်ရည်ပူတွေကျလာတယ်။ အဲဒီအချိန်ကစလို့ မှန်မှန်တစ်လက်ဟာ ကျမရဲ့ အဖော်ဖြစ်လာခဲ့တယ်။ သူမရှိရင် ကျမဘယ်မှ သွားလို့မရတော့ဘူး။ 

အသက် ဆယ်ငါးနှစ် မန္တလေးမှာ ကျမဟာ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်တာလဲ မသိခဲ့ဘူး။ စာတွေဖတ်နေချင်တယ်။ လွတ်လွတ်လပ်လပ်လေးနေချင်တယ်။ စရိုက်တူတဲ့သူတွေနဲ့ ပေါင်းချင်တယ်။ ခက်တာတစ်ခုက ကျမဟာ အပေါင်းအသင်းကို ပေါင်းတတ်တဲ့သူမဟုတ်ခဲ့ဘူး။ နောက်တစ်ခုက မိန်းကလေးတွေနဲ့ ကျမ မပေါင်းတတ်ဘူး။ မန်းလေးမှာနေခဲ့တဲ့ တစ်လျှောက်မှာ ပေါင်းလို့ရတဲ့ မိန်းခလေး ၃ ယောက်ပဲရှိတယ်။ ၂ယောက်က ကျမထက် ၃ နှစ်လောက်ကြီးတဲ့ အမ၂ယောက်၊ တစ်ယောက်က ကျမနဲ့ အထက်တန်းတူတူတတ်ခဲ့တဲ့ သူငယ်ချင်း။ ဒီလိုနဲ့ ကျမ ယောကျာင်္းလေးတွေကိုလည်း ပေါင်းကြည့်ပေမယ့် တကယ်ကိုက်ညီတဲ့ သူငယ်ချင်း မတွေ့ခဲ့ဘူး။ မန်းလေးမှာ နေခဲ့တဲ့ တစ်နှစ်ဟာ ကျမလူတွေကို ပေါင်းကြည့်လိုက် ပြန်ကွာသွားလိုက်နဲ့ပဲ ပြီးသွားခဲ့တယ်။ ရင်ခုန်ဇာတ်လမ်းလေးတွေရှိပေမယ့် အဲဒါတွေက တကယ့်ကို ဇာတ်လမ်း အစလေးပျိုးလိုက် ကျမက ပြေးလိုက်၊ သူတို့က ပြေးလိုက်နဲ့ ပြီးသွားတာတွေချည်းပါပဲ။ ရင်ပဲခုန်ချင်တာလေ ရည်းစားလိုချင်တာမဟုတ်ဘူး။ 

မန်းလေးမှာ ကျောင်းတတ်နေရင်း ကျမ အိမ်ကို ခနခနပြန်ပါတယ်။ ကားစီးရတာကို အသားကျလာတယ်။ ကားမမူးတတ်တော့ဘူး။ ပထမနှစ်ပြီးတဲ့အချိန်မှာ ကျမစတွေးတာက ဒီအတိုင်း မန်းလေးမှာ ဆက်နေရင် ကျမ စာလည်းဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာဖို့မလွယ်ပါဘူး။ ကလေရိုက်နေတာတာ များများကို။ စာသမားလိုလိုဘာလိုလိုနဲ့ ခံစားချက်သမားလိုလို ဘာလိုလိုနဲ့ပေါ့လေ။ 

ဒါနဲ့ ကျမ ရန်ကုန်ကျောင်းကို ပြောင်းတတ်တယ်။ စာဆိုတာကို တကယ့်ကို နဖူးတွေ့ ဒူးတွေ့ပါပဲ။ အပြိုင်အဆိုင်ကြိုးစား၇တယ်။ အဲဒီမှာ ကျမ တကယ်ကို ဂိုက်ဖြစ်ချင်နေပြီ၊ စာကို အသည်းအသန်လုပ်တယ်၊ တိုးတတ်ဖို့ လမ်းကြောင်းကို အသည်းအသန်ရှာတယ်။ ပတ်ဝင်းကျင်က လူတွေကလည်း ကိုယ့်အိမ်မက်ဆီကို ပြေးနေတဲ့ လူငယ်တွေချည်းပဲ။ 

ဒီလိုနဲ့ ကျမ ဂိုက်ဖြစ်ချင်တဲ့အိမ်မက်၊ မြန်မာပြည်အနံ့ကို ခရီးဆန့်ချင်တဲ့ အိမ်မက်၊ ကျမအတွေ့အကြုံတွေ စာတွေပြန်ရေးချင်တဲ့ အိမ်မက်၊ ခရီးထွက်ပြီး ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံရိုက်ချင်တဲ့ အိမ်မက်တွေဟာ တစ်ဖြည်းဖြည်း ကျမကို ဆွဲဆောင်လာခဲ့တယ်။ အဲဒီအချိန်မှာ ချင်းပြည်ဆိုတဲ့နေရာဟာ ကျမ အိမ်မက်ထဲ တစ်ခါပြန်ဝင်လာပြန်တယ်။ တစ်ချို့နိုင်ငံခြားသားတွေဟာ ချင်းပြည်နယ်ကို ပရဲထိုးထားတဲ့ မိန်းမတွေကို ကြည့်ဖို့၊ ငှက်ကြည့်ဖို့၊ နားပေါက်အကျယ်ကြီးနဲ့ အမျိုးသမီးတွေကိုကြည့်ဖို့၊ ၀ိတိုရိယတောင်ကို တတ်ဖို့ သွားကြတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ကို နိုင်ငံခြားသားဝင်ဖို့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ယူနေရတုန်းပေါ့။ 

အဲဒီရက်တွေထဲမှာ ကျမပတ်သက်မိတဲ့ လူတစ်ယောက်ဟာ ချင်းပြည်နယ်၊ ကော့သောင်း စတဲ့ သွားလာရ ခက်ခဲတဲ့ နေရာတွေကို လာတဲ့ နိုင်ငံခြားသားတွေကို တာဝန်ယူပို့ပေးနဲ့တဲ့ ခရီးသွားလုပ်ငန်းတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်နေခဲ့တယ်။ သူက အဲဒီနေရာတွေကို ကိုယ်တိုင်လည်း တစ်ခါတစ်ရံလိုက်သွားလေ့ရှိတယ်။ သူ ချင်းပြည်ကို သွားတော့မယ်ဆိုတိုင်း ကျမခံစားရတာက ခရီးကြမ်းရှည်ကြီးကို သွားလိုက်သလိုပဲ။ လိုက်သွားဖို့ဆိုတာလည်း ဖြစ်နိုင်တဲ့အခြေအနေမဟုတ်ဘူးပေါ့။ သူကျမဘေးမှာမရှိတော့တဲ့အချိန်ကျမှာ ကျမရဲ့ ချင်းပြည်အိမ်မက်ဟာလည်း သူနဲ့တူတူ မှေးမှိန်သွားပြန်တယ်။ 

ဒီလိုနဲ့ အဲဒီအချိန်တွေကြားထဲမှာ ကျမဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ပြည်နယ်တွေမှာ လှည့်လည် အလုပ်လုပ်နေတာပေါ့။ ၂၀၁၂ ဇွန်လမှာတော့ ကျမ ပထမဆုံးချင်းပြည်နယ်ကို ခြေချခဲ့ရတယ်။ အဲဒီအချိန်ထိ ချင်းပြည်နယ်အတွက် ကျမ အလုပ်လုပ်ပေးရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ဒီပြည်နယ်လေးဟာ ကျမလာခဲ့တဲ့ ရှမ်းပြည်နဲ့ အနည်းငယ်ဆင်တာကြောင့် ဒီဒေသလေးကို သံယောဇဉ်ဖြစ်မိခဲ့တယ်။ 

၂၀၁၃ ဒီဇင်ဘာလမှာတော့ ကျမ အခုရောက်နေတဲ့ ကန်ပက်လက်ကို ပထမဆုံးရောက်ခဲ့တယ်။ ရောက်တဲ့နေ့မှာပဲ ကျမတို့ ၀ိတိုရိယတောင်ထိပ်ကို ရောက်ခဲ့တယ်။ အဲဒီတောင်ထိပ်ကို ဒီပြည်နယ်အတွက် အလုပ်လုပ်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကျမ ၂ ကြိမ်ပဲရောက်ခဲ့တယ်။ တောင်ဇလပ်ကို တွေ့ဖူးခဲ့တယ်။ 

၂၀၁၃ ဒီဇင်ဘာလကနေ ၂၀၁၄ စက်တင်ဘာလအတွင်း ဒီမြို့ကို ကျမ တလကို တစ်ကြိမ်ရောက်ခဲ့တယ်။ အခု ၂၀၁၅ ဇန်န၀ါရီလ။ ဒီတစ်ကြိမ်ဟာ ချင်းပြည်နယ်ကို ကျမလာရတဲ့ နောက်ဆုံး ခရီးစဉ်ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်တစ်ခါ ဘယ်တော့ ပြန်လာရမယ်ဆိုတာ ကျမ သေချာမပြောနိုင်တော့ဘူး။ 

ဒီပြည်နယ်လေးဟာ ကျမတို့ နိုင်ငံထဲမှာ လူတွေ မေ့နေတဲ့ နေရာလေး။ 

ဒီမြို့မှာ …. 

လျှပ်စစ်မီး တစ်ရက်မှာ ၂ နာရီလောက်ပဲရတယ်။ 

အင်တာနက်မရှိဘူး။ 

CDMA 450 network ကလွဲလို့ တစ်ခြား network မရှိဘူး။ 

အဆင့်မှီတဲ့ ဟိုတယ်တစ်လုံးဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စဖွင့်တယ်။ 

နေထိုင်သူတွေဟာ ဗုဒ္ဒဘာသာတစ်ဝက်နဲ့ ခရစ်ယာန်တစ်ဝက်လောက်ရှိတယ်။ 

တိုက်အိမ်ရှားတယ်။ ခြေတံရှည် ပျဉ်ထောင်အိမ်ပေါတယ်။ 

ရိုးသားမှုပေါတယ်။ 

အရက်သမားပေါတယ်။ (ဒါပဲလုပ်စရာရှိတာကို) 

ပိုက်ဆံရှားတယ်။ 

အလုပ်အကိုင်ရှားတယ်။ 

ဘာမှမရှိဘူးလို့ နာမည်ကြီးတယ်။ ဒါပေမယ့် ပါးရဲထိုးထားတဲ့ မိန်းမတွေကို နေရာအနံ့မှာတွေ့ရတယ်။ 

 တိတ်ဆိတ်ငြိမ်သက်တယ်။

သီချင်းသံတွေရှိတယ်။

ရာသီဥတု အေးချမ်းသလို လူတွေလည်း အေးချမ်းတယ်။

အတ္တမာန၊ ဒေါသလောဘရှားတယ်။

ညအချိန်ဆို ကောင်းကင်မှာ ကြယ်တွေရှိတယ်။

အဲဒီ ကြယ်တွေကို ကြည့်ဖို့လည်း အချိန်ရှိတယ်။

ဒီနေရာကိုလာဖို့ ကျမနေတဲ့နေရာကနေ ၇နာရီ ကားစီးရတယ်။

တစ်ခါတစ်လေ မိုးကျနေတဲ့အချိန် လမ်းပိတ်နေတဲ့အချိန် သဲချောင်းတွေ ရေကျော်နေတဲ့အချိန်တွေမှာ အဲဒီထက်မကကြာတယ်။

ကျမ မနက်ဖြန်မနက် ဒီမြို့လေးက ပြန်မယ်။ ဘယ်တော့ပြန်ရောက်မယ်လို့ ကျမ မသိဘူး။ သေချာတာတော့ ဒီမြို့လေးမှာ ကျမ လွမ်းစရာအရာတွေ အများကြီးကျန်ခဲ့တယ်ဆိုတာပါပဲ။

ဒီနေရာလေးကို အလုပ်နဲ့မဟုတ်ပဲ အပန်းဖြေဖို့နဲ့ ဓါတ်ပုံရိုက်ဖို့သက်သက်၊ ကင်မရာတစ်လုံးလွယ်ပြီး တစ်ရက်ရက်မှာ ကျမပြန်လာချင်သေးတယ်။ ကျမတစ်ယောက်တည်းဖြစ်ချင်ဖြစ်မယ်။ အဖော်ပါချင်လည်း ပါမယ်ပေါ့။


ဘ၀ဆိုတာ ကြိုရေးထားတဲ့
စာအုပ်တစ်အုပ်လို့ 
ဘယ်လောက်ပဲ ပြောပြော 
အနာဂါတ်ကို 
ဘယ်သူမှ ကြိုတင်မသိနိုင်ပါဘူး။

၃၀ ရက်၊ ဇန်န၀ါရီလ ၂၀၁၅။
ကန်ပက်လက်မြို့။ 
ည ၁၀း၀၀ နာရီ 

Saturday, October 29, 2011

မြောက်ဦးသို့ (၂)

အဲဒီ ဟယ်လီကွင်းမှာ ကိုယ်တို့ မီးပုံးပျံတွေလွတ်ကြတယ်။ ပြီးတော့ အဲဒီမီးပုံးပျံလေးတွေ ပျောက်သွားတဲ့အထိ စောင့်ကြည့်ကြပြီး တည်းခိုတဲ့နေရာကို ပြန်လာခဲ့တယ်။ ဆက်သောက်ကြတယ်။ ဆိုင်မှာ ဝိုင်းတွေ တော်တော်ရှင်းမှ ကိုယ်တို့ပြန်အိပ်ကြတယ်။
နောက်တစ်ရက် မနက်ကျတော့ အားလုံးက မထချင်သေးပဲ စောစောစီးစီး ၈ နာရီလောက်မှာထလာရတော့ ဂေါက်စီစီတွေဖြစ်နေကြလို့ပေါ့။ မနက်စာစားပြီး တည်းခိုခန်းကထွက်ကြတော့ ၉ နာရီဝင်းကျင်လောက်.. ကိုယ်တို့တွေ မြောက်ဦးဈေးကို သွားလည်ကြတယ်။ ဘယ်သူမှလည်း လမ်းမသိဘူး။ ဘာမှလည်း မဝယ်ချင်ပဲ လျှောက်သွားနေတာဆိုတော့ ရှေ့ဆုံးက သွားတဲ့လူနောက်ကို လိုက်ပြီး ဈေးပတ်ကြတယ်။ ဘယ်သူရှေ့ဆုံးရောက်ရောက် သူကွေ့တဲ့နောက် လိုက်ကွေ့ကြတာပေါ့။ နောက်ဆုံးတော့ ဘာမှ မဝယ်ကြပဲ ဈေးထဲက ပြန်ထွက်လာကြတယ်။ ဈေးကတော့ သာမန်မြို့တစ်မြို့ရဲ့ ဈေးပုံစံပါပဲ။ လူသုံးကုန်၊ စားသောက်စရာတွေနဲ့ပေါ့။ ရေလုပ်ငန်းလုပ်တဲ့ဒေသဖြစ်လို့ ငါးဖမ်းပိုက်တွေ ဘာတွေရောင်းတဲ့ဆိုင်တော့ ကိုယ့်လိုတောင်ပေါ်သူအတွက် တွေ့နေကြမဟုတ်တဲ့ ဆိုင်အနေနဲ့မြင်ပေ့မယ့် သာမန်ဈေးတစ်ခုပါပဲ။
ဈေးကနေထွက်လာပြီး ကိုယ်တို့ လက်ဆယ်ကန်ဆိုတဲ့ ကန်ဘက်ကို ဆက်သွားကြတယ်။ ကန်ကြီးက တော်တော်ကျယ်တဲ့ ကန်ကြီး သဘာဝကန်လို့ထင်ရအောင် ကြီးတဲ့ကန်ဖြစ်ပေမယ့် တကယ်တမ်းတော့ ရခိုင်ဘုရင်တွေ လက်ထက်က လုံခြုံရေး စစ်ရေးဗျူဟာအရ တူးထားတဲ့ လူလုပ်ကန်ကြီးဖြစ်တယ်တဲ့။ ဘာယန္တာရားမှ မပါပဲ လူနဲ့ချည်းပဲ တူးထားတဲ့ကန်မို့ လက်ဆယ်ကန်လို့ခေါ်တယ်လို့ ဒေသခံတွေက ပြောပြကြတယ်။ 

အဲဒီကန်တစ်ဘေးတစ်လျှောက်ကို စက်ဘီးစီးကြည့်မယ်လို့ အကြံပေါ်တာက ပြင်သစ်တစ်ယောက်ပါ။ ဒါနဲ့ ကိုယ်လည်း သိပ်ဝေးဝေးလမ်းမရှိဘူးထင်လို့ ခေါင်းငြိမ့်လိုက်မိတယ်။ တကယ်လည်း သွားရော တောင်တတ် တောင်ဆင်းလမ်းတွေနဲ့ တော်တော်ကို ဝေးပါတယ်။ တူတူသွားကြတဲ့ ၄ ယောက်မှာ ကိုယ်တစ်ယောက်က သူတို့လောက် အကြမ်းမခံလို့ ကိုယ်က နောက်ဆုံးကျန်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းတာတစ်ခုက သူတို့က ကိုယ့်ကို အမြဲစောင့်ပါတယ်။ တော်ရုံတန်ရုံသူတို့ စက်ဘီးစီးတတ်သွားနိုင်တဲ့ လမ်းကို ကိုယ်က တွန်းတတ်ရတယ်။ သူတို့ စက်ဘီးစီးပြီး ဆင်းသွားတဲ့ အဆင်းလေးကို လမ်းနည်းနည်းကြမ်းရင် ကိုယ်က ကြောက်ပြီး တွန်းဆင်းတယ်။ 

လမ်းတစ်လျှောက်မှာ အိမ်လေးတွေရှိတဲ့နေရာရှိသလို၊ ဘုန်းကြီးကျောင်းရှိတဲ့နေရာ၊ တောပဲရှိတဲ့နေရာ … ဒီလိုနေရာတွေကို ကျော်လာခဲ့ပြီး တစ်နေရာအရောက်မှာတော့ ကိုယ်တို့ လမ်းဆုံတစ်ခုကိုရောက်ပါတယ်။ တစ်လမ်းက အပေါ်ကိုတော်တော်တတ်ရမယ်။ တက်ရတာမှ လှေကားထစ်လေးတွေနဲ့ လှေကားထစ်လေးတွေကို ဝါးလုံးတန်းလေးတွေနဲ့ ရိုက်ထားတယ်။ တော်တော် သပ်သပ်ရပ်ရပ်လေး လုပ်ထားတာပါ။ နောက်တစ်လမ်းက အောက်ကိုဆင်းရတာ။ လမ်းလို့တောင် ခေါ်ဖို့ခက်ခက်ပါပဲ။ ဗွက်တွေမှ လမ်းလို့ ထင်ရက်စရာမရှိပါဘူး။ ဒါနဲ့ ဒါတော့ လမ်းမဖြစ်နိုင်ဘူးဆိုပြီး လှေကားထစ်တွေအတိုင်း ကိုယ်တို့ စက်ဘီးတွေတွန်းတတ်ကြတယ်။ ထုံးစံအတိုင်း ကိုယ်ကတော့ နောက်ဆုံးပေါ့။
ကိုယ်တစ်ဝက်လောက်အရောက်မှာ ကျန်တဲ့ ၃ ယောက်က အပေါ်ဆုံးရောက်သွားပြီ။ ပြီးတော့ စက်ဘီးကို မနိုင်မနင်း မတင်နေတဲ့ ကိုယ့်ကို ကြည့်ပြီး ရယ်ကြတယ်။ နောက်ပြီး ဆွိ စိတ်မပူနဲ့တဲ့။ ငါတို့ ပြန်ဆင်းကြမယ်။ ဒီဘက်မှာ လမ်းမရှိတော့ဘူး။ ဘုန်းကြီးကျောင်းပဲရှိတယ်တဲ့။ ကိုယ်တစ်ယောက်တည်းသာဆို အဲဒီ ဘုန်းကြီးကျောင်း၊ ဒါမှမဟုတ် အနီးနားမှာ ရှိတဲ့ သီလရှင်ကျောင်းမှာတင် သီလရှင်ဝတ်လိုက်မိမယ်ထင်ရဲ့။ 

လာတဲ့လမ်းအတိုင်းလဲ လှည့်မပြန်နိုင်တော့ဘူး။ အဲဒီအချိန်မှာ ကိုယ်တို့ စက်ဘီးစီးလာတာ ၁ နာရီလောက်ရှိပြီ။ 
  • ကိုယ်ဆင်းလာခဲ့တဲ့လမ်းတွေကို ကိုယ်ပြန်နင်းမတတ်နိုင်တော့ဘူး။ 
  • ကောင်းတဲ့လမ်းက ဆက်သွားလို့မရတော့ဘူး။
  • ဗွက်ထနေတဲ့ လမ်းကလည်း ဘယ်ရောက်မယ်မှန်းမသေချာဘူး။
  • ရေဗူးကလည်း မယူလာကြဘူး။
ဒါနဲ့ အဲဒီလမ်းဆုံလေးမှာ ၄ ယောက်သား စက်ဘီးတွေရပ်ပြီး ခြေပစ်လက်ပစ်ကို ထိုင်နေကြတယ်။ ၁ နာရီလောက် စက်ဘီးနင်းထားတဲ့ အရှိန်နဲ့ဆိုတော့ ညက ဝီစကီတွေလည်း အငွေ့ပြန်သွားပါပြီ။ အဲဒီအချိန်မှာ အသက် ၆၀ လို့ပြောတဲ့ အဖွားကြီးတစ်ယောက်ရောက်လာလို့ မေးကြည့်တော့ ဗွက်ထဲက ဖြတ်ရင် အပြင်ပြန်ရောက်တယ်လို့ ပြောတယ်။ သူက ရခိုင်လိုပြော ကိုယ်က ဗမာလိုပြောနဲ့ ပေါ့။
ပြန်လည်း မလှည့်ချင်တော့တာနဲ့ ကိုယ်တို့တွေ အဘွားကြီးပြောတဲ့ လမ်းသာတယ်ဆိုတဲ့ ဗွက်ထဲကိုပဲ ဆင်းလျှောက်ရတော့တာပဲ။ တော်ရုံတန်ရုံ ကြောက်တတ်တဲ့သူ၊ အမောမခံနိုင်တဲ့သူ၊ နောက် ရွံတတ်တဲ့သူဆိုရင် ကိုယ်တို့ ရူးသလို မြောက်ဦးများရောက်ခဲ့ရင် လိုက်မရူးဖို့ တားချင်ပါတယ်။ အဲဒီဗွက်ထဲမှာ နောက်ချေးတွေလည်းရှိတယ်။ အနံပေါင်းစုံကလည်း နံတယ်။ အဲဒီလမ်းကို ၁၅ မိနစ်လောက် စက်ဘီးတွန်းပြီးတဲ့နောက်မှာ ရွာလေးတစ်ရွာကို ရောက်ပါတယ်။ ရွာလေးက တော်တော်ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်လေးရှိတယ်။ ရွာသားတွေရဲ့ မျက်နှာက ရခိုင်မဆန်ဘူး။ နောက်မှသိရတာက ချင်းရွာလေးပါတဲ့။ ပါးရဲထိုးထားတဲ့ မိန်းမတွေတော့ မတွေ့ခဲ့ရပါဘူး။ အဲဒီရွာလမ်းကနေ အပြင်ထွက်လိုက်တော့ မြောက်ဦးမြို့အပြင် ကားလမ်းပေါ်ကို ရောက်သွားပါရော။
ဘယ်လမ်းကနေ ဘယ်လိုသွားလိုက်လို့ အဲဒီနေရာကိုရောက်သွားလဲ မသိပါဘူး။ ကားလမ်းမပေါ်ရောက်သွားတာတောင် ကိုယ်တို့ ဒုက္ခက မပြီးသေးဘူး။ ဘယ်ဘက်ကို ကွေ့ရမလား၊ ညာဘက်ကို ကွေ့ရမလား။ ……
တွေ့တဲ့ လူကို မြောက်ဦး ဘယ်ဘက်လဲ လိုက်မေးရတယ်။ လူတွေကလည်း ကိုယ်တို့ကို အူလည်လည်၊ တအံတသြနဲ့ ကြည့်ရတယ်။ ရွံ့တွေ၊ ဗွက်တွေ၊ ချွေးတွေ၊ သံတွေနဲ့ လူတွေ စက်ဘီးတစ်ယောက်တစ်စီးနဲ့ ဆိုတော့…. ဒေသခံလည်း တစ်ယောက်မှ မပါဘူး။
နောက်တော့ ညာဘက်ကိုဆက်သွားဖို့ အဖြေရတယ်။ ဒါနဲ့ သူတို့ပြောတဲ့အတိုင်း ဆက်စီးရပြန်ရော။ ကိုယ်ဆို ရွံ့တွေ၊ ဗွက်တွေအပြင် ဖိနပ်ကပါ စက်ဘီးခြင်းထဲရောက်သွားပြီ။ ကားလမ်းမပေါ်မှာ ကိုယ်တို့ အတွေ့ချင်ဆုံးတစ်ခုက လက်ဘက်ရည်ဆိုင်ပါ။ ၁၀ မိနစ်လောက် စီးပြီးတဲ့နောက်တော့ ဆိုင်သေးသေးလေး တစ်ဆိုင်ကို တွေ့ပါတယ်။ လက်ဘက်ရည်ဆိုင်တော့ မဟုတ်ပါဘူး။ ဆီထမင်းဆိုင်လေးပါ။ ထိုင်ခုံလေးတွေတော့ ရှိတယ်။ ကိုယ်တို့ ကော်ဖီမစ်မှာတာတောင် ကော်ဖီထုပ်ကို တစ်ခြားအိမ်ဆိုင်လေးက သွားဝယ်ကြတယ်။
ဆိုင်လေးမှာ ခဏထိုင်ပြီး ဆိုင်ရှင်ကို ဒီနားတစ်ဝိုက်ရေပေါလားဆိုတဲ့ မေးခွန်းကို သံတမန်ဆန်ဆန်မေးရပါတယ်။ ခြေထောက်ဆေးချင်လို့ပါမယ်။ သူဆီက Negative Answer သာရမယ်ဆိုရင် မြောက်ဦးမြို့ထဲကို ကိုယ် ဖိနပ်မပါပဲ ဝင်ရပါလိမ့်မယ်။
ကံကောင်းချင်တော့ Positive answer ကိုရတာနဲ့ ဝမ်းသာအားရ အိမ်နောက်ဘက်ဝင်ပြီး ခြေထောက်ဆေးကြပါတယ်။

Friday, October 28, 2011

မြောက်ဦးသို့

မြောက်ဦးက အနက်ရောင် ဘုရားစေတီ ပုထိုးတွေဆီကို ဟိုးငယ်ကတည်းက ရောက်ချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီနေရာတွေဟာ ကိုယ်အတွက် အိပ်မက်သာသာပဲဖြစ်ခဲ့ပါတယ်။ ခရီးလမ်းက ဝေးလွန်းလို့ မရောက်နိုင်လောက်ဘူးလို့ ထင်ခဲ့ပါတယ်။ ပုဂံဆိုတာက ရောက်ဖို့ မခဲယဉ်းပေမယ့် မြောက်ဦးလို ရခိုင်ဒေသအတွက်ကတော့ ကားလမ်းကလည်း လှမ်းလွန်း၊ လေယာဉ်စရိတ်ဆိုတာလည်း တတ်နိုင်ဖို့ဆိုတာ မလွယ်လို့ ကိုယ်ကိုကိုယ် ရောက်နိုင်မယ်လို့ မျှော်လင့်ချက် သိပ်မထားခဲ့တာပါ။
ဒါပေမယ့် ဒီလိုနဲ့ပဲ ကိုယ်ဟာ Humanitarian Worker တစ်ယောက်ဖြစ်ခဲ့ပြီးနောက်မှာ မရောက်နိုင်ဘူးလို့ ထင်ထားတဲ့ နေရာတော်တော်များများကို ရောက်ခဲ့ရပါတယ်။ တစ်ခါတစ်ခါ မြေပုံထဲမှာတောင် မရှိတဲ့ ဒေသမျိုးတွေကိုတောင် ရောက်ခဲ့ရတယ်။ ဒီအလုပ်ကို ရွေးချယ်ခဲ့တဲ့အတွက် ရခဲ့တဲ့ အကျိုးအမြတ်တစ်ခုက ဒီတိုင်းဒေသတစ်ခုကို ခဏတာ လည်ပတ်ရင် မသိနိုင်တဲ့ အသိတွေ၊ မရနိုင်တဲ့ ဗဟုသုတတွေကို ရတာပါပဲ။
ဒီနှစ် သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဟူးနေ့ဖြစ်တာမို့ ကိုယ်တို့ ရုံးက ဝန်ထမ်းတွေ ကြာသပတေး၊ သောကြာနေ့ကိုပါ ခွင့်ဆက်ယူကြပြီး အလုပ်ကနေ အနားယူဖို့ စီစဉ်ကြပါတယ်။ ရွာရုံးက ဝန်ထမ်းတွေ တစ်ချို့က ခွင့်နဲ့ အိမ်ပြန်၊ တစ်ချို့က စစ်တွေမှာ လာအနားယူကြပြီး တစ်ချို့က မြောက်ဦးကို သွားဖို့ စီစဉ်ကြတယ်။ ကိုယ်တို့ စစ်တွေရုံးမှာတော့ နိုင်ငံခြားသားဝန်ထမ်း (၃)ယောက်၊ မြန်မာဝန်ထမ်း(၄)ယောက်၊ ကျန်ရခိုင်ဝန်ထမ်း အားလုံးပေါင်းမှ (၁၆)ယောက်ပဲ ရှိပါတယ်။ ဒါနဲ့ နိုင်ငံခြားသားဝန်ထမ်း (၁)ယောက်တော့ သူ့ Break ရောက်ပြီမို့ ပြင်သစ်ကိုပြန်ပါတယ်။ ကျန်တဲ့ (၂)ယောက်က မြောက်ဦးသွားလည်မယ်လို့ စစီစဉ်ပြီး ကိုယ်တို့ ကျန်တဲ့ မြန်မာဝန်ထမ်း (၄) ယောက်ကပါ သူတို့နဲ့တူတူ သွားကြဖို့ စီစဉ်ကြပါတယ်။ ဒီလိုနဲ့ သွားစရာဘုတ်စီစဉ်၊ ကိုယ်က တစ်ခါသွားဖူးပြီမို့ တည်းခိုခန်း Booking လုပ်တဲ့ကိစ္စကို တာဝန်ယူပေးလိုက်ပါတယ်။
ဈေးသက်သာပြီး ဆက်ဆံရေးအဆင်ပြေတဲ့ ပထမတစ်ခါသွားခဲ့တုန်းက တည်းခဲ့တဲ့ Golden Star ဆိုတဲ့ တည်းခိုခန်းမှာပဲ ကိုယ်တို့ (၆)ယောက်စာကို Booking လုပ်လိုက်ပါတယ်။ အဲဒီတည်းခိုခန်းလေးက ရေချိုးခန်း၊ အိမ်သာတွဲရက်ပါပြီး မြန်မာနိုင်ငံသားတစ်ယောက်ကို (၂၅၀၀) ကျပ်နဲ့ ၂ ယောက်ခန်းတစ်ခန်းအတွက် (၅၀၀၀) ကျပ် နဲ့ ပိုကောင်းတဲ့ အခန်းကတော့ (၈၀၀၀) ကျပ်သာ ကျသင့်ပါတယ်။ နိုင်ငံခြားသားအတွက်တော့ (၂)ယောက်ခန်းတစ်ခန်းကို (၁၅၀၀၀)ကျပ် ကျပါတယ်။ ဒီလိုနဲ့ (၇)ယောက်တူတူသွားမယ် စီစဉ်ထားပြီး တကယ်တမ်းသွားတော့ (၂) ယောက်က အလုပ်များလို့ စစ်တွေမှာ နေခဲ့ကြပြီး (၄)ယောက်သာ သွားဖြစ်ခဲ့တယ်။
စစ်တွေရုံးကနေ မနက် (၈)နာရီ စထွက်ဖို့ စီစဉ်ထားပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ (၈) ခွဲကျော်လောက်မှ ထွက်ဖြစ်ကြပါတယ်။ သူတို့နိုင်ငံမှာတော့ ဘယ်လိုနေမှန်း မသိပေမယ့် မြန်မာပြည်ရောက်တော့ ပြင်သစ်တွေလည်း အချိန်သိပ်ပြီး မတိကျတော့ပါဘူး။ တူတူသွားကြတဲ့ ပြင်သစ် (၂)ယောက်၊ ကိုရီးယားလိုလို ဂျပန်လိုလို အထင်ခံရတဲ့ ရှမ်းတရုတ် ကိုယ်တစ်ယောက် (၁) ယောက်၊ ကိုယ်တို့ Speed boat driver (၄)ယောက်လုံးက စစ်တွေ-မြောက်ဦးလမ်းကို မသိကြလို့ စစ်တွေ-မြောက်ဦးလမ်းကို လွန်ခဲ့တဲ့ (၆)နှစ်လောက်က သွားဖူးတဲ့ လမ်းပြတစ်ယောက်ကို ခေါ်သွားခဲ့တယ်။ မြောက်ဦးမြို့နားရောက်တယ်ဆိုရင်ပဲ ကိုယ်တို့ အဲဒီနားတစ်ဝိုက်မှာ လည်နေပါတော့တယ်။ ဟိုချောင်းပေါက်ထင်လို့ ဝင်သွားလို့ တံငါလှေကို မေးလို့ ပြန်လည့်လိုက်နဲ့ ချောင်းပေါက်ပေါင်း (၄-၅)ခုလောက် မှားပြီးတဲ့နောက်တော့ မနက်(၁၁) နာရီလောက်မှာတော့ မြောက်ဦးဆိပ်ခံတံတားကို ရောက်နိုင်ခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် ကားငှားပြီး တည်းခိုခန်းကိုသွား၊ သူတို့တိုက်တဲ့ Welcome Coffee သောက်၊ အထုတ်အပိုးတွေ အခန်းထဲထည့်၊ တည်းခိုခန်းဘေးကပ်ရက်မှာပဲ ရှိတဲ့ စားသောက်ဆိုင်လေးမှာ နေ့လည်စာစားကြပြီး စက်ဘီးကိုယ်စီနဲ့ မြောက်ဦးမြို့ရဲ့ မြောက်ပိုင်းကို စသွားကြပါတယ်။ မြောက်ဦးမြို့က မြေပြန့်ဒေသမဟုတ်ပဲ တောင်ကုန်းဒေသလေးဖြစ်တာမို့ စက်ဘီးစီးရတာ တော်တော်တော့ ပင်ပန်းပါတယ်။ ဘုရားတိုင်းကတော့ တောင်ကုန်းပေါ်မှာတည်ထားတာမဟုတ်ပါဘူး ဒါပေမယ့် တောင်ကုန်းတိုင်းမှာတော့ ဘုရားစေတီလေးတွေရှိတတ်တယ်။
 ပုံမှန်ကားငှား၊ မြင်းလှည်းငှားလည်တဲ့ လမ်းကြောင်းများနဲ့ ဆန့်ကျင်ပြီး ကိုယ်က တည်းခိုခန်းကတောင်းလာတဲ့ အဖြူအမည်း မြေပုံတစ်ခုကြည့်လိုက်ပြီး သျှစ်သောင်းဘုရားကို ပထမဆုံးခေါ်သွားလိုက်ပါတယ်။ အဲဒီရက်က လပြည့်နေ့ပါ။ စိတ်ထဲမှာ မြို့ထဲမှာ လူရှင်းတယ်လို့ ထင်မိနေတာ ဘုရားရောက်မှ လူတွေများကြီးနဲ့ သွားဆုံပါတော့တယ်။ သျှစ်သောင်းဘုရားကို ပထမဆုံးခေါ်သွားတဲ့ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ ဘုရားကြီးဟာ မိုးတွေယိုပြီး ပြိုပျက်လုနီုးပါးဖြစ်နေလို့ အင်္ဂတေကိုင်ထားလိုက်တာ ဘုရားအသစ်ကျပ်ကျွတ်ကြီးကို ဖြစ်နေလို့ပါ။ လုံးဝမပြုပြင်ရသေးတဲ့ ဘုရားများနဲ့ယှဉ်ရင် နိုင်ငံခြားသားတစ်ယောက်ကို ပြဖို့ ရှက်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ အဆောက်အဦအသစ်တစ်ခုကို ဒီလောက် အပင်ပန်းခံပြီးလာကြည့်ရတဲ့ လူသားတစ်ယောက်ကို ကိုယ်အားနာလို့ပါ။ အဟောင်းတွေကို အရင်တွေ့ပြီးမှ ဒီလိုပြုပြင်ခံလိုက်ရတဲ့ အဆောက်အဦးအသစ်ကို ကြည့်ရတာ တော်တော်ခံစားရပါတယ်။ ကိုယ်ပထမတစ်ခါမှာ ကောင်းကောင်းခံစားရပြီးပါပြီ။ အဆောက်အဦးအဟောင်းတွေကို မြင်ခဲ့ပြီး နာမည်ကြီး သျှစ်သောင်းနဲ့ ထုက္ကန်သိမ်အသစ်ကြီးကိုတွေ့လိုက်ရတာ ရင်ထဲမှာ ဆို့နစ်အောင်ကို ခံစားရပါတယ်။ ရှေးဟောင်းတန်ဖိုးအားဖြင့် မြင့်မားလှတဲ့ စေတီကြီးတွေကို သဒ္ဒါဇောနဲ့ မမှန်ကန်သော ပြုပြင်နည်းများဖြင့် ပြုပြင်လိုက်တဲ့အခါ ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးဆုံးရှုံးသွားလေသည်။ နိုင်ငံခြားသားတွေတော့ ဘယ်လိုခံစားရလဲမပြောတတ် ကိုယ်ကတော့ အသစ်ဖြစ်နေတဲ့ ရွှေရောင်တစ်ဝင်းဝင်းဖြစ်နေတဲ့ ဘုရားတစ်ဆူထက် ရှေးဟောင်းတန်ဖိုးမြင့်မားတဲ့ စေတီတစ်ဆူကို ပိုပြီးတန်ဖိုးထားပါတယ်။
သျှစ်သောင်းဘုရားဘေးမှာ စက်ဘီးတွေရပ်ခဲ့ပြီး အဲဒီတစ်ဝိုက်ကို လမ်းလျှောက်ကြပါတယ်။ သျှစ်သောင်းဘုရားကို ရေတွေယိုလို့ အင်္ဂတေကိုင်လိုက်ကြပေမယ့် အတွင်းပိုင်မှာတော့ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နက်နေပါသေးတယ်။ အဲဒီကနေ တစ်ဝိုက်ကို ကိုယ်တို့တွေ လမ်းလျှောက်လည်ကြပါတယ်။ ချောင်ကြိုချောင်ကြားတွေကို ဝင်၊ တောင်ပေါ်တွေတက်၊ တောင်အောက်ကိုပြန်ဆင်းနဲ့ တော်တော်သွားပြီးတဲ့နောက်မှာ တော်တော်ကို ပင်ပန်းသွားပါပြီ။ ဒါနဲ့ သျှစ်သောင်းတစ်ဝိုက်မှာ ရှိတဲ့ အအေးဆိုင်တွေဘက်ကို ပြန်လျှောက်ပြီး အအေးသောက်ကြ (ရခိုင်ပြည်နယ်မှာ အအေးကို အအီးလို့ ခေါ်ပါတယ်) အမောဖြေကြ၊ ပြီးမှ အချိန်ရှိသေးတာနဲ့ ကိုးသောင်းဘုရားဘက်ကို စက်ဘီး ဆက်စီးကြပါတယ်။
ကိုးသောင်းစေတီဆီကို စက်ဘီးနဲ့ တော်တော်သွားရပါတယ်။ မြေပုံကိုလည်း အရမ်းအားကိုးလို့မရတော့ လမ်းဆုံလမ်းခွရောက်တိုင်း တွေ့တဲ့သူကို မေးပြီးသွားရပါတယ်။ တကယ်တမ်းတော့ ကိုယ်က မြောက်ဦးကို ဒုတိယအကြိမ်ရောက်တာပေမယ့် လမ်းတွေကိုတော့ မမှတ်မိပါဘူး။ (ပထမတစ်ကြိမ်တုန်းက မြင်းလှည်းသမားပို့သလို သွားခဲ့တာဆိုတော့ မမှတ်မိတာ သိပ့်တော့ မဆန်းဘူးပေါ့)။
ကိုသောင်းဘုရားကို သွားတဲ့လမ်းတစ်လျှောက်က သစ်ပင်စိမ်းစိမ်း၊ စပါးပင်စိမ်းစိမ်း၊ တောင်လေးတွေပေါ်က ဘုရားလေးတွေ၊ လမ်းဘေးတစ်လျှောက်က သပ်သပ်ရပ်ရပ်လေးတွေ ဆောက်ထားတဲ့ ပန်းပင်လေးတွေနဲ့ အိမ်သေးသေးလေးတွေနဲ့ သာယာလွန်းပါတယ်။ လမ်းလေးက နည်းနည်းလေး တက်လိုက်၊ ဆင်းလိုက်၊ ကွေ့လိုက်၊ ကောက်လိုက်နဲ့ပေါ့။ အဲဒီလို ကွေ့ကွေ့ကောက်ကောက်လေးသွားရင်းနဲ့ နောက်ဆုံးအကွေ့ကိုရောက်ရင်ပဲ ကိုးသောင်းဘုရားကို ဘွားကနဲ တွေ့ရပါတယ်။ အဲဒီ တစ်ခဏလေးဟာ အသက်ရှူမှားလောက်အောင် လှပါတယ်။ အခုတောင် ဒီလောက်ကြီးကျယ်ခန်းနားနေရင် မြောက်ဦးခေတ်တုန်းက ဘယ်လောက်များ စည်ကားခမ်းနားလိမ့်မလဲလို့ တွေးမိရင် ကြက်သီးထလောက်အောင် ခံစားရလောက်တယ်။  

ကိုးသောင်းစေတီဟာ (၁၉၉၆)ခုနှစ်လောက်မှာမှ သစ်ပင်တွေ ဖုံးလွမ်းနေလို့ တောင်ကုန်းတစ်ခုလို့ထင်ခဲ့တဲ့ နေရာကနေ ပေါ်ပေါက်လာတဲ့ စေတီပုထိုး တစ်ဆူဖြစ်ပြီး ရှေးဟောင်းတန်ဖိုးအားဖြင့် မြင့်မားဆဲနေရာတစ်ခု ဖြစ်ပါတယ်။ အင်္ဂတေအသစ်လောင်းထားတဲ့ နေရာတွေမရှိဘူး။ လျှောက်လမ်းတွေကို အမှိုက်တွေရှင်းထားပေမယ့် ကျောက်ပြားတွေတော့ ခင်းမထားဘူး။ ကျိုးပဲ့နေတဲ့ ဘုရားရုပ်ထုတွေကို ပြုပြင်ထားတာမျိုးမလုပ်ပဲ သဘာဝအတိုင်းပဲ ထားထားပါတယ်။ ဘုရားထဲဝင်လိုက်ရင်ပဲ တကယ့်ကို ရှေးဟောင်း အငွေ့အသက်တွေ ပြည့်နက်လို့ပေါ့။ နံရံမှာထွင်းထားတဲ့ ဘုရားဆင်းတုသေးသေးတွေ၊ လျှောက်လမ်းတစ်လျှောက်က ဘုရားဆင်းတုတော်ကြီးတွေ၊ ရခိုင်တို့အခေါ် မြို့စောင့်နတ် (ဘီလူးရုပ်အစောင့်) အဝင်ဝတိုင်းမှာ ဒူးထောင်၊ ဓါးထောင်ပြီးထိုင်နေပုံက တကယ့်ကို အန္တာရယ်တွေက ကာကွယ်ပေးမယ့် ပုံစံပါပဲ။ ကိုယ်နဲ့ပါလာတဲ့ နိုင်ငံခြားသားက ဒီအဆောက်အဦကြည့်ရတာ အမိုးတော့ရှိခဲ့ပုံရတယ်လို့ သူမြင်တယ်တဲ့။ ဘာလို့များပြိုသွားတာလဲဆွိတဲ့။ တိုက်ပွဲတွေကြောင့်လား။ သဘာဝကြောင့်လားတဲ့။ ကိုယ်ကလည်း သမိုင်းသိပ့်ကျွမ်းကျင်တဲ့သူဆိုတော့ ပြန်ဖြေလိုက်တယ်။ ငါမသိဘူးလို့။ ဒါနဲ့သူက ဇွဲမလျှော့သေးဘူး (အမှတ်မရှိတာလည်း ဖြစ်နိုင်ပါတယ်) ဆက်မေးသေးတယ်။ ဘယ်တုန်းကများဆောက်ခဲ့တာလဲတဲ့။ ဒီဘုရားပုထိုးတွေကိုပေါ့။ ဘယ်တုန်းက မြောက်ဦးခေတ်ဆိုတာရှိခဲ့တာလဲတဲ့။ ဒီတစ်ခါတော့ ကိုယ်မသိဘူးလို့ မပြောတော့ဘူး။ စိတ်ပေါက်ပေါက်နဲ့ <Long Long Ago, Before I born>  လို့ ပြန်ပြောလိုက်တယ်။ ကဲ မှတ်ကရော… ဒါတွေသိချင်ရင် Guide နဲ့လာသင့်တာ ကိုယ်က သူတို့လိုပဲ အခုမှ ရခိုင်ဆိုတာရောက်ဖူးတာ။ ဘယ်သိပါ့မလဲ။ သမိုင်းတွေ၊ ခုနှစ်တွေ၊ ဘုရားအမြင့်ပေတွေ မမှတ်နိုင်လို့ပဲ Humanitarian Worker ဖြစ်တာ.. ဒါတွေသိနေရင် အခုချိန်မှာ Guide လုပ်နေမှာပေါ့။ ဘယ့်နှယ် မိဝေးဖဝေး ဒီလိုခေါင်တဲ့နေရာမှာ အလုပ်ဘယ်လာလုပ်နေမလဲ။ ရွှေတိဂုံဘုရား အမြင့်ပေမသိလို့ Guide သင်တန်းတုန်းက ကိုယ်စာမေးပွဲကျဖူးတယ်။ (၁၉၉၆ မှာ ကိုးသောင်းဘုရားကို ပြန်တွေ့တယ်ဆိုတာတောင် အဲဒီရက်ပြီး နောက် ၃ ရက်လောက်မှ စာအုပ်ဝယ်ဖတ်လို့ သိတာ။) ပထမတစ်ခါလာတုန်းကဆို ကိုယ်သျှစ်သောင်းနဲ့ ကိုးသောင်းတောင်မှ နာမည်လွဲမှတ်ထားသေးတယ်။ အခုထိ ဓါတ်ပုံတွေမှာ နာမည်တွေမှားတတ်ထားတုန်း။ 


ကိုးသောင်းဘုရားကနေ လှမ်းမြင်နေရတဲ့ တောင်ကုန်းလေးတစ်ခုပေါ်က ဘုရားတစ်ဆူကတော့ ပီစိဘုရားတဲ့၊ နာမည်ဆန်းသလို ဌာပနာထားတဲ့ ဓါတ်တော်ကလည်း ခပ်ဆန်းဆန်းပဲ။ မြတ်စွာဘုရားရဲ့ ပီစိဓါတ်တော်(ဝှေးစေ့ဓါတ်တော်)နဲ့ ဌာပနာထားတယ်လို့ သမိုင်းမှာရေးပါတယ်။ အဲဒီဘုရားကိုတော့ ကိုယ်မရောက်ခဲ့ပါဘူး။ နောက်တစ်ခါရောက်ရင်တော့ သွားမယ်လို့ စဉ်းစားထားပါတယ်။ စစ်တွေနဲ့ မြောက်ဦးကို ကိုယ်တို့မြန်မာတွေသွားဖို့တော့ လွယ်ပါတယ်။ ကုန်းလမ်းကဖြစ်ဖြစ် ရေလမ်းကဖြစ်ဖြစ်သွားလို့ရတယ်။ နိုင်ငံခြားသားအတွက်ကတော့ ကုန်းလမ်းကသွားခွင့်မရှိပါဘူး။ ကားလမ်းက စစ်တပ်ဝင်းကိုဖြတ်ဖေါက်ထားလို့ပါ။ မြို့လေးဟာ တကယ့်ကို Tourism Area လေးဖြစ်နေတာမို့ ဧည့်သည်တွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ တည်းခိုဖို့၊ စားသောက်ဖို့၊ သွားလာဖို့ လူတန်းစားပေါင်းစုံအတွက် Class ပေါင်းစုံ Standard ပေါင်းစုံ နေရာတွေရှိတယ်။
ကိုးသောင်းကနေပြန်လာတော့ နေဝင်တော့ချိန်နီးပြီမို့ Sunset ကြည့်ဖို့ ဟာရီတောင်ဆိုတဲ့ တောင်ကို သွားကြတယ်။ အဲဒီတောင်က မြေပုံထဲမှာ ကြည့်လိုက်တော့ သျှစ်သောင်းဘုရားဘက်မှာရှိတာနဲ့ ကိုယ်လည်း အဲဒီဘက်ကို ပြန်နင်းခိုင်းလိုက်တယ်။ နောက်တော့ လမ်းမှာတွေ့သမျှ မေးရင်းနဲ့ ကားဂိတ်တွေဘက်ကနေမှ တောင်ပေါ်တတ်လို့ရတယ်ဆိုနဲ့ အဲဒီဘက်ကိုပြန်နင်းရသေးတယ်။ တောင်ပေါ်ကို လှမ်းလျှောက်တတ်တာ တော်တော်ကိုတတ်ရတယ်။ နေမဝင်ခင်ရောက်ပါ့မလားလို့တောင် စိုးရိမ်လို့။ မျှော့်လင့်တကြီးနဲ့ တောင်ပေါ်သာတတ်လိုက်တာ အဲဒီနေ့က Sunset က သိပ့်မလှဘူး။ လူတွေကလည်း သိပ်မောနေတော့ အလှကို မမြင်နိုင်တော့ဘူး ထင်ပါ၇ဲ့။ ဒါနဲ့ အဲဒီရက်က ကိုယ်ဓါတ်ပုံတောင် မရိုက်ဖြစ်ဘူး..
နေဝင်သွားတော့ ကိုယ်တို့ တည်းခိုခန်းပြန် ရေမိုးချိုး၊ အဝတ်လဲ၊ နည်းနည်း အလှပြင်ပေါ့…. ပြီးတော့မှ ညစာထွက်စားကြတယ်… ထွက်စားတယ်ဆိုပေမယ့်လည်း တည်းခိုခန်းဘေးမှာရှိတဲ့ ဆိုင်လေးမှာတင်စားကြတာပါ။ ဆိုင်လေးက ဝါးတွေနဲ့ပဲ အလှဆင်ထားပြီး တကယ့်ကို ကျေးလက်ဆန်ဆန် ပုံဖော်ထားတယ်။ သီတင်းကျွတ် လပြည့်ညဆိုတော့ ဆိုင်မှာ ဖယောင်းတိုင်မီးလေးတွေထွန်းလို့ တကယ့်ကို လှနေတယ်။ မြောက်ဦး လပြည့်ညဟာ စစ်တွေလပြည့်ညလို ဆူညံ့မနေပဲ ဖယောင်းတိုင်မီးရောင်၊ ရောင်စုံလျှပ်စစ်မီးပုံးမဟုတ်ပဲ ရိုးရာမီးပုံးတွေအရောင်၊ ကြယ်ရောင်၊ လရောင်နဲ့ ငြိမ်းချမ်းစွာလှနေတယ်။ ကောင်းကင်မှာလည်း မီးပုံပျံလေးတွေ ပျံလို့….
မီးပုံးပျံက ကိုယ်တို့ တောင်ကြီးက မီးပုံးပျံလိုတော့မဟုတ်ဘူး။ တောင်ကြီးမှဆို ကလေးတွေဝယ်လွတ်တဲ့ ပလတ်စတစ်မီးပုံးပျံလေးတွေပေါ့။ ဒါကို ကိုယ့်ပြင်သစ်တွေက တအံတသြဖြစ်နေကြတယ်။ ဒါနဲ့ ကိုယ်လည်း ဒါတွေ ငါတို့လည်း လွတ်လို့ရတယ်ဆိုပြီး ပါးစပ်ဆော့လိုက်မိတယ်။ သူတို့ကလည်း လွတ်ချင်တယ်တဲ့။ ဒါနဲ့ ကိုယ်တို့ မြို့ထဲဘက်မှာ မီးပုံးပျံသေးသေးလေး ၂ လုံးသွားဝယ်ပြီး သျှစ်သောင်းဘုရားမှာ မီးထွန်းလိမ့်မယ်ဆိုလို့ သွားကြတာ.. နောက်ကျသွားလို့လား. ဒါမှမဟုတ် ကိုယ်ပဲ သတင်းအမှားရတာလား တော့မသိဘူး… အဲဒီဘက်ရောက်တော့ မှောင်မဲလို့… ဒါနဲ့ သျှစ်သောင်းဘုရားကို လွန်၊ ထုက္ကန်သိမ်ကို လွန်၊ လေးမျက်နှာ ဘုရားကို လွန်ပြီး သွားလိုက်ကြတယ်။ အဲဒီကနေဆက်သွားတော့ ရှေ့မှာလည်း ဘုရားတွေ၊ ဘာတွေရှိတော့ပုံမပေါ်ဘူး။ ဒါနဲ့ လူတွေထိုင်နေတဲ့ ကုန်းလေးတစ်ခု၊ မြေလည်းပြန့်ပြန့်လေးပေါ့၊ အဲဒီနေရာကို ပြန်လှည့်ကြတယ်။
အဲဒီနေရာလေးက ကုန်းနည်းနည်းလေးမြင့်တယ်၊ ကွန်ကရစ်လောင်းထားသလို ပြန့်နေတယ်၊ အဲဒီကုန်းလေးပေါ်တတ်ဖို့ လှေကားထစ်လေး ၅ဆင့် ၆ ဆင့် လောက်လည်းရှိတယ်ပေါ့၊ ဒါနဲ့ အဲဒီနေရာမှာ မီးပုံးပျံလွတ်ရင်တော့ အဆင်ပြေမယ်လို့ ထင်ပြီး ကိုယ်တို့ အဲဒီကို သွားကြတယ်။ စက်ဘီးတွေရပ်၊ လှေကားလေးတတ်ပေါ့။ ကိုယ်ကတော့ ဘုရားလည်းမတွေ့တော့ ရင်ပြင်အပျက်တစ်ခုလို့ထင်ပြီး ဖိနပ်မချွတ်ပဲ တတ်ခဲ့ပေမယ့်၊ ကိုယ့်သူငယ်ချင်း ပြင်သစ်၂ယောက်က တရိုတသေ ဖိနပ်ချွတ်ကြတယ်။ သူတို့ အဲလိုလုပ်တာကို မြင်တော့ ထိုင်နဲ့တဲ့လူတွေက ရယ်ကြတယ်။ ကိုယ်တို့ သဘောမပေါက်သေးဘူး ဘာလို့ရယ်ကြတာလဲဆိုတာ။ ခဏနေတော့ အဲဒီမြေ့ပန့်ဟာ ကွန်ကရစ်လောင်းထားသလို ပြန့်နေတာမဟုတ်ဘူး ကွန်ကရစ်ကို လောင်းထားတာ။ မြေပြန့်ရဲ့ ပုံစံက ဝိုင်းစက်စက်၊ ဘေးမှာ ဆေးအဖြူက ဝိုင်းထားသေးတယ်။ အဲဒီအချိန်မှာ ကိုယ်တို့ သဘောပေါက်ကြတာက ကိုယ်တို့ေ၇ာက်နေတဲ့နေရာဟာ ဘုရားပျက်တစ်ခုမဟုတ်ပဲ ဟယ်လီကွင်းတစ်ခုဖြစ်နေတယ်ဆိုတာပါ။ မှောင်နေတော့ မသိလို့ကြဘူး။ မြောက်ဦးဘုရင်ခေတ်က ဟယ်လီကွင်းတော့ မဟုတ်နိုင်ဘူး။ အဲဒီလှေကားမှာ အစောင့်ဘီလူးတွေ ဒူးထောင်၊ ဓါးထောင်မထိုင်နေဘူး။ 

 ဆက်ပါအုံးမယ်...