အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Friday, October 28, 2011

မြောက်ဦးသို့

မြောက်ဦးက အနက်ရောင် ဘုရားစေတီ ပုထိုးတွေဆီကို ဟိုးငယ်ကတည်းက ရောက်ချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီနေရာတွေဟာ ကိုယ်အတွက် အိပ်မက်သာသာပဲဖြစ်ခဲ့ပါတယ်။ ခရီးလမ်းက ဝေးလွန်းလို့ မရောက်နိုင်လောက်ဘူးလို့ ထင်ခဲ့ပါတယ်။ ပုဂံဆိုတာက ရောက်ဖို့ မခဲယဉ်းပေမယ့် မြောက်ဦးလို ရခိုင်ဒေသအတွက်ကတော့ ကားလမ်းကလည်း လှမ်းလွန်း၊ လေယာဉ်စရိတ်ဆိုတာလည်း တတ်နိုင်ဖို့ဆိုတာ မလွယ်လို့ ကိုယ်ကိုကိုယ် ရောက်နိုင်မယ်လို့ မျှော်လင့်ချက် သိပ်မထားခဲ့တာပါ။
ဒါပေမယ့် ဒီလိုနဲ့ပဲ ကိုယ်ဟာ Humanitarian Worker တစ်ယောက်ဖြစ်ခဲ့ပြီးနောက်မှာ မရောက်နိုင်ဘူးလို့ ထင်ထားတဲ့ နေရာတော်တော်များများကို ရောက်ခဲ့ရပါတယ်။ တစ်ခါတစ်ခါ မြေပုံထဲမှာတောင် မရှိတဲ့ ဒေသမျိုးတွေကိုတောင် ရောက်ခဲ့ရတယ်။ ဒီအလုပ်ကို ရွေးချယ်ခဲ့တဲ့အတွက် ရခဲ့တဲ့ အကျိုးအမြတ်တစ်ခုက ဒီတိုင်းဒေသတစ်ခုကို ခဏတာ လည်ပတ်ရင် မသိနိုင်တဲ့ အသိတွေ၊ မရနိုင်တဲ့ ဗဟုသုတတွေကို ရတာပါပဲ။
ဒီနှစ် သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဟူးနေ့ဖြစ်တာမို့ ကိုယ်တို့ ရုံးက ဝန်ထမ်းတွေ ကြာသပတေး၊ သောကြာနေ့ကိုပါ ခွင့်ဆက်ယူကြပြီး အလုပ်ကနေ အနားယူဖို့ စီစဉ်ကြပါတယ်။ ရွာရုံးက ဝန်ထမ်းတွေ တစ်ချို့က ခွင့်နဲ့ အိမ်ပြန်၊ တစ်ချို့က စစ်တွေမှာ လာအနားယူကြပြီး တစ်ချို့က မြောက်ဦးကို သွားဖို့ စီစဉ်ကြတယ်။ ကိုယ်တို့ စစ်တွေရုံးမှာတော့ နိုင်ငံခြားသားဝန်ထမ်း (၃)ယောက်၊ မြန်မာဝန်ထမ်း(၄)ယောက်၊ ကျန်ရခိုင်ဝန်ထမ်း အားလုံးပေါင်းမှ (၁၆)ယောက်ပဲ ရှိပါတယ်။ ဒါနဲ့ နိုင်ငံခြားသားဝန်ထမ်း (၁)ယောက်တော့ သူ့ Break ရောက်ပြီမို့ ပြင်သစ်ကိုပြန်ပါတယ်။ ကျန်တဲ့ (၂)ယောက်က မြောက်ဦးသွားလည်မယ်လို့ စစီစဉ်ပြီး ကိုယ်တို့ ကျန်တဲ့ မြန်မာဝန်ထမ်း (၄) ယောက်ကပါ သူတို့နဲ့တူတူ သွားကြဖို့ စီစဉ်ကြပါတယ်။ ဒီလိုနဲ့ သွားစရာဘုတ်စီစဉ်၊ ကိုယ်က တစ်ခါသွားဖူးပြီမို့ တည်းခိုခန်း Booking လုပ်တဲ့ကိစ္စကို တာဝန်ယူပေးလိုက်ပါတယ်။
ဈေးသက်သာပြီး ဆက်ဆံရေးအဆင်ပြေတဲ့ ပထမတစ်ခါသွားခဲ့တုန်းက တည်းခဲ့တဲ့ Golden Star ဆိုတဲ့ တည်းခိုခန်းမှာပဲ ကိုယ်တို့ (၆)ယောက်စာကို Booking လုပ်လိုက်ပါတယ်။ အဲဒီတည်းခိုခန်းလေးက ရေချိုးခန်း၊ အိမ်သာတွဲရက်ပါပြီး မြန်မာနိုင်ငံသားတစ်ယောက်ကို (၂၅၀၀) ကျပ်နဲ့ ၂ ယောက်ခန်းတစ်ခန်းအတွက် (၅၀၀၀) ကျပ် နဲ့ ပိုကောင်းတဲ့ အခန်းကတော့ (၈၀၀၀) ကျပ်သာ ကျသင့်ပါတယ်။ နိုင်ငံခြားသားအတွက်တော့ (၂)ယောက်ခန်းတစ်ခန်းကို (၁၅၀၀၀)ကျပ် ကျပါတယ်။ ဒီလိုနဲ့ (၇)ယောက်တူတူသွားမယ် စီစဉ်ထားပြီး တကယ်တမ်းသွားတော့ (၂) ယောက်က အလုပ်များလို့ စစ်တွေမှာ နေခဲ့ကြပြီး (၄)ယောက်သာ သွားဖြစ်ခဲ့တယ်။
စစ်တွေရုံးကနေ မနက် (၈)နာရီ စထွက်ဖို့ စီစဉ်ထားပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ (၈) ခွဲကျော်လောက်မှ ထွက်ဖြစ်ကြပါတယ်။ သူတို့နိုင်ငံမှာတော့ ဘယ်လိုနေမှန်း မသိပေမယ့် မြန်မာပြည်ရောက်တော့ ပြင်သစ်တွေလည်း အချိန်သိပ်ပြီး မတိကျတော့ပါဘူး။ တူတူသွားကြတဲ့ ပြင်သစ် (၂)ယောက်၊ ကိုရီးယားလိုလို ဂျပန်လိုလို အထင်ခံရတဲ့ ရှမ်းတရုတ် ကိုယ်တစ်ယောက် (၁) ယောက်၊ ကိုယ်တို့ Speed boat driver (၄)ယောက်လုံးက စစ်တွေ-မြောက်ဦးလမ်းကို မသိကြလို့ စစ်တွေ-မြောက်ဦးလမ်းကို လွန်ခဲ့တဲ့ (၆)နှစ်လောက်က သွားဖူးတဲ့ လမ်းပြတစ်ယောက်ကို ခေါ်သွားခဲ့တယ်။ မြောက်ဦးမြို့နားရောက်တယ်ဆိုရင်ပဲ ကိုယ်တို့ အဲဒီနားတစ်ဝိုက်မှာ လည်နေပါတော့တယ်။ ဟိုချောင်းပေါက်ထင်လို့ ဝင်သွားလို့ တံငါလှေကို မေးလို့ ပြန်လည့်လိုက်နဲ့ ချောင်းပေါက်ပေါင်း (၄-၅)ခုလောက် မှားပြီးတဲ့နောက်တော့ မနက်(၁၁) နာရီလောက်မှာတော့ မြောက်ဦးဆိပ်ခံတံတားကို ရောက်နိုင်ခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် ကားငှားပြီး တည်းခိုခန်းကိုသွား၊ သူတို့တိုက်တဲ့ Welcome Coffee သောက်၊ အထုတ်အပိုးတွေ အခန်းထဲထည့်၊ တည်းခိုခန်းဘေးကပ်ရက်မှာပဲ ရှိတဲ့ စားသောက်ဆိုင်လေးမှာ နေ့လည်စာစားကြပြီး စက်ဘီးကိုယ်စီနဲ့ မြောက်ဦးမြို့ရဲ့ မြောက်ပိုင်းကို စသွားကြပါတယ်။ မြောက်ဦးမြို့က မြေပြန့်ဒေသမဟုတ်ပဲ တောင်ကုန်းဒေသလေးဖြစ်တာမို့ စက်ဘီးစီးရတာ တော်တော်တော့ ပင်ပန်းပါတယ်။ ဘုရားတိုင်းကတော့ တောင်ကုန်းပေါ်မှာတည်ထားတာမဟုတ်ပါဘူး ဒါပေမယ့် တောင်ကုန်းတိုင်းမှာတော့ ဘုရားစေတီလေးတွေရှိတတ်တယ်။
 ပုံမှန်ကားငှား၊ မြင်းလှည်းငှားလည်တဲ့ လမ်းကြောင်းများနဲ့ ဆန့်ကျင်ပြီး ကိုယ်က တည်းခိုခန်းကတောင်းလာတဲ့ အဖြူအမည်း မြေပုံတစ်ခုကြည့်လိုက်ပြီး သျှစ်သောင်းဘုရားကို ပထမဆုံးခေါ်သွားလိုက်ပါတယ်။ အဲဒီရက်က လပြည့်နေ့ပါ။ စိတ်ထဲမှာ မြို့ထဲမှာ လူရှင်းတယ်လို့ ထင်မိနေတာ ဘုရားရောက်မှ လူတွေများကြီးနဲ့ သွားဆုံပါတော့တယ်။ သျှစ်သောင်းဘုရားကို ပထမဆုံးခေါ်သွားတဲ့ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ ဘုရားကြီးဟာ မိုးတွေယိုပြီး ပြိုပျက်လုနီုးပါးဖြစ်နေလို့ အင်္ဂတေကိုင်ထားလိုက်တာ ဘုရားအသစ်ကျပ်ကျွတ်ကြီးကို ဖြစ်နေလို့ပါ။ လုံးဝမပြုပြင်ရသေးတဲ့ ဘုရားများနဲ့ယှဉ်ရင် နိုင်ငံခြားသားတစ်ယောက်ကို ပြဖို့ ရှက်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ အဆောက်အဦအသစ်တစ်ခုကို ဒီလောက် အပင်ပန်းခံပြီးလာကြည့်ရတဲ့ လူသားတစ်ယောက်ကို ကိုယ်အားနာလို့ပါ။ အဟောင်းတွေကို အရင်တွေ့ပြီးမှ ဒီလိုပြုပြင်ခံလိုက်ရတဲ့ အဆောက်အဦးအသစ်ကို ကြည့်ရတာ တော်တော်ခံစားရပါတယ်။ ကိုယ်ပထမတစ်ခါမှာ ကောင်းကောင်းခံစားရပြီးပါပြီ။ အဆောက်အဦးအဟောင်းတွေကို မြင်ခဲ့ပြီး နာမည်ကြီး သျှစ်သောင်းနဲ့ ထုက္ကန်သိမ်အသစ်ကြီးကိုတွေ့လိုက်ရတာ ရင်ထဲမှာ ဆို့နစ်အောင်ကို ခံစားရပါတယ်။ ရှေးဟောင်းတန်ဖိုးအားဖြင့် မြင့်မားလှတဲ့ စေတီကြီးတွေကို သဒ္ဒါဇောနဲ့ မမှန်ကန်သော ပြုပြင်နည်းများဖြင့် ပြုပြင်လိုက်တဲ့အခါ ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးဆုံးရှုံးသွားလေသည်။ နိုင်ငံခြားသားတွေတော့ ဘယ်လိုခံစားရလဲမပြောတတ် ကိုယ်ကတော့ အသစ်ဖြစ်နေတဲ့ ရွှေရောင်တစ်ဝင်းဝင်းဖြစ်နေတဲ့ ဘုရားတစ်ဆူထက် ရှေးဟောင်းတန်ဖိုးမြင့်မားတဲ့ စေတီတစ်ဆူကို ပိုပြီးတန်ဖိုးထားပါတယ်။
သျှစ်သောင်းဘုရားဘေးမှာ စက်ဘီးတွေရပ်ခဲ့ပြီး အဲဒီတစ်ဝိုက်ကို လမ်းလျှောက်ကြပါတယ်။ သျှစ်သောင်းဘုရားကို ရေတွေယိုလို့ အင်္ဂတေကိုင်လိုက်ကြပေမယ့် အတွင်းပိုင်မှာတော့ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နက်နေပါသေးတယ်။ အဲဒီကနေ တစ်ဝိုက်ကို ကိုယ်တို့တွေ လမ်းလျှောက်လည်ကြပါတယ်။ ချောင်ကြိုချောင်ကြားတွေကို ဝင်၊ တောင်ပေါ်တွေတက်၊ တောင်အောက်ကိုပြန်ဆင်းနဲ့ တော်တော်သွားပြီးတဲ့နောက်မှာ တော်တော်ကို ပင်ပန်းသွားပါပြီ။ ဒါနဲ့ သျှစ်သောင်းတစ်ဝိုက်မှာ ရှိတဲ့ အအေးဆိုင်တွေဘက်ကို ပြန်လျှောက်ပြီး အအေးသောက်ကြ (ရခိုင်ပြည်နယ်မှာ အအေးကို အအီးလို့ ခေါ်ပါတယ်) အမောဖြေကြ၊ ပြီးမှ အချိန်ရှိသေးတာနဲ့ ကိုးသောင်းဘုရားဘက်ကို စက်ဘီး ဆက်စီးကြပါတယ်။
ကိုးသောင်းစေတီဆီကို စက်ဘီးနဲ့ တော်တော်သွားရပါတယ်။ မြေပုံကိုလည်း အရမ်းအားကိုးလို့မရတော့ လမ်းဆုံလမ်းခွရောက်တိုင်း တွေ့တဲ့သူကို မေးပြီးသွားရပါတယ်။ တကယ်တမ်းတော့ ကိုယ်က မြောက်ဦးကို ဒုတိယအကြိမ်ရောက်တာပေမယ့် လမ်းတွေကိုတော့ မမှတ်မိပါဘူး။ (ပထမတစ်ကြိမ်တုန်းက မြင်းလှည်းသမားပို့သလို သွားခဲ့တာဆိုတော့ မမှတ်မိတာ သိပ့်တော့ မဆန်းဘူးပေါ့)။
ကိုသောင်းဘုရားကို သွားတဲ့လမ်းတစ်လျှောက်က သစ်ပင်စိမ်းစိမ်း၊ စပါးပင်စိမ်းစိမ်း၊ တောင်လေးတွေပေါ်က ဘုရားလေးတွေ၊ လမ်းဘေးတစ်လျှောက်က သပ်သပ်ရပ်ရပ်လေးတွေ ဆောက်ထားတဲ့ ပန်းပင်လေးတွေနဲ့ အိမ်သေးသေးလေးတွေနဲ့ သာယာလွန်းပါတယ်။ လမ်းလေးက နည်းနည်းလေး တက်လိုက်၊ ဆင်းလိုက်၊ ကွေ့လိုက်၊ ကောက်လိုက်နဲ့ပေါ့။ အဲဒီလို ကွေ့ကွေ့ကောက်ကောက်လေးသွားရင်းနဲ့ နောက်ဆုံးအကွေ့ကိုရောက်ရင်ပဲ ကိုးသောင်းဘုရားကို ဘွားကနဲ တွေ့ရပါတယ်။ အဲဒီ တစ်ခဏလေးဟာ အသက်ရှူမှားလောက်အောင် လှပါတယ်။ အခုတောင် ဒီလောက်ကြီးကျယ်ခန်းနားနေရင် မြောက်ဦးခေတ်တုန်းက ဘယ်လောက်များ စည်ကားခမ်းနားလိမ့်မလဲလို့ တွေးမိရင် ကြက်သီးထလောက်အောင် ခံစားရလောက်တယ်။  

ကိုးသောင်းစေတီဟာ (၁၉၉၆)ခုနှစ်လောက်မှာမှ သစ်ပင်တွေ ဖုံးလွမ်းနေလို့ တောင်ကုန်းတစ်ခုလို့ထင်ခဲ့တဲ့ နေရာကနေ ပေါ်ပေါက်လာတဲ့ စေတီပုထိုး တစ်ဆူဖြစ်ပြီး ရှေးဟောင်းတန်ဖိုးအားဖြင့် မြင့်မားဆဲနေရာတစ်ခု ဖြစ်ပါတယ်။ အင်္ဂတေအသစ်လောင်းထားတဲ့ နေရာတွေမရှိဘူး။ လျှောက်လမ်းတွေကို အမှိုက်တွေရှင်းထားပေမယ့် ကျောက်ပြားတွေတော့ ခင်းမထားဘူး။ ကျိုးပဲ့နေတဲ့ ဘုရားရုပ်ထုတွေကို ပြုပြင်ထားတာမျိုးမလုပ်ပဲ သဘာဝအတိုင်းပဲ ထားထားပါတယ်။ ဘုရားထဲဝင်လိုက်ရင်ပဲ တကယ့်ကို ရှေးဟောင်း အငွေ့အသက်တွေ ပြည့်နက်လို့ပေါ့။ နံရံမှာထွင်းထားတဲ့ ဘုရားဆင်းတုသေးသေးတွေ၊ လျှောက်လမ်းတစ်လျှောက်က ဘုရားဆင်းတုတော်ကြီးတွေ၊ ရခိုင်တို့အခေါ် မြို့စောင့်နတ် (ဘီလူးရုပ်အစောင့်) အဝင်ဝတိုင်းမှာ ဒူးထောင်၊ ဓါးထောင်ပြီးထိုင်နေပုံက တကယ့်ကို အန္တာရယ်တွေက ကာကွယ်ပေးမယ့် ပုံစံပါပဲ။ ကိုယ်နဲ့ပါလာတဲ့ နိုင်ငံခြားသားက ဒီအဆောက်အဦကြည့်ရတာ အမိုးတော့ရှိခဲ့ပုံရတယ်လို့ သူမြင်တယ်တဲ့။ ဘာလို့များပြိုသွားတာလဲဆွိတဲ့။ တိုက်ပွဲတွေကြောင့်လား။ သဘာဝကြောင့်လားတဲ့။ ကိုယ်ကလည်း သမိုင်းသိပ့်ကျွမ်းကျင်တဲ့သူဆိုတော့ ပြန်ဖြေလိုက်တယ်။ ငါမသိဘူးလို့။ ဒါနဲ့သူက ဇွဲမလျှော့သေးဘူး (အမှတ်မရှိတာလည်း ဖြစ်နိုင်ပါတယ်) ဆက်မေးသေးတယ်။ ဘယ်တုန်းကများဆောက်ခဲ့တာလဲတဲ့။ ဒီဘုရားပုထိုးတွေကိုပေါ့။ ဘယ်တုန်းက မြောက်ဦးခေတ်ဆိုတာရှိခဲ့တာလဲတဲ့။ ဒီတစ်ခါတော့ ကိုယ်မသိဘူးလို့ မပြောတော့ဘူး။ စိတ်ပေါက်ပေါက်နဲ့ <Long Long Ago, Before I born>  လို့ ပြန်ပြောလိုက်တယ်။ ကဲ မှတ်ကရော… ဒါတွေသိချင်ရင် Guide နဲ့လာသင့်တာ ကိုယ်က သူတို့လိုပဲ အခုမှ ရခိုင်ဆိုတာရောက်ဖူးတာ။ ဘယ်သိပါ့မလဲ။ သမိုင်းတွေ၊ ခုနှစ်တွေ၊ ဘုရားအမြင့်ပေတွေ မမှတ်နိုင်လို့ပဲ Humanitarian Worker ဖြစ်တာ.. ဒါတွေသိနေရင် အခုချိန်မှာ Guide လုပ်နေမှာပေါ့။ ဘယ့်နှယ် မိဝေးဖဝေး ဒီလိုခေါင်တဲ့နေရာမှာ အလုပ်ဘယ်လာလုပ်နေမလဲ။ ရွှေတိဂုံဘုရား အမြင့်ပေမသိလို့ Guide သင်တန်းတုန်းက ကိုယ်စာမေးပွဲကျဖူးတယ်။ (၁၉၉၆ မှာ ကိုးသောင်းဘုရားကို ပြန်တွေ့တယ်ဆိုတာတောင် အဲဒီရက်ပြီး နောက် ၃ ရက်လောက်မှ စာအုပ်ဝယ်ဖတ်လို့ သိတာ။) ပထမတစ်ခါလာတုန်းကဆို ကိုယ်သျှစ်သောင်းနဲ့ ကိုးသောင်းတောင်မှ နာမည်လွဲမှတ်ထားသေးတယ်။ အခုထိ ဓါတ်ပုံတွေမှာ နာမည်တွေမှားတတ်ထားတုန်း။ 


ကိုးသောင်းဘုရားကနေ လှမ်းမြင်နေရတဲ့ တောင်ကုန်းလေးတစ်ခုပေါ်က ဘုရားတစ်ဆူကတော့ ပီစိဘုရားတဲ့၊ နာမည်ဆန်းသလို ဌာပနာထားတဲ့ ဓါတ်တော်ကလည်း ခပ်ဆန်းဆန်းပဲ။ မြတ်စွာဘုရားရဲ့ ပီစိဓါတ်တော်(ဝှေးစေ့ဓါတ်တော်)နဲ့ ဌာပနာထားတယ်လို့ သမိုင်းမှာရေးပါတယ်။ အဲဒီဘုရားကိုတော့ ကိုယ်မရောက်ခဲ့ပါဘူး။ နောက်တစ်ခါရောက်ရင်တော့ သွားမယ်လို့ စဉ်းစားထားပါတယ်။ စစ်တွေနဲ့ မြောက်ဦးကို ကိုယ်တို့မြန်မာတွေသွားဖို့တော့ လွယ်ပါတယ်။ ကုန်းလမ်းကဖြစ်ဖြစ် ရေလမ်းကဖြစ်ဖြစ်သွားလို့ရတယ်။ နိုင်ငံခြားသားအတွက်ကတော့ ကုန်းလမ်းကသွားခွင့်မရှိပါဘူး။ ကားလမ်းက စစ်တပ်ဝင်းကိုဖြတ်ဖေါက်ထားလို့ပါ။ မြို့လေးဟာ တကယ့်ကို Tourism Area လေးဖြစ်နေတာမို့ ဧည့်သည်တွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ တည်းခိုဖို့၊ စားသောက်ဖို့၊ သွားလာဖို့ လူတန်းစားပေါင်းစုံအတွက် Class ပေါင်းစုံ Standard ပေါင်းစုံ နေရာတွေရှိတယ်။
ကိုးသောင်းကနေပြန်လာတော့ နေဝင်တော့ချိန်နီးပြီမို့ Sunset ကြည့်ဖို့ ဟာရီတောင်ဆိုတဲ့ တောင်ကို သွားကြတယ်။ အဲဒီတောင်က မြေပုံထဲမှာ ကြည့်လိုက်တော့ သျှစ်သောင်းဘုရားဘက်မှာရှိတာနဲ့ ကိုယ်လည်း အဲဒီဘက်ကို ပြန်နင်းခိုင်းလိုက်တယ်။ နောက်တော့ လမ်းမှာတွေ့သမျှ မေးရင်းနဲ့ ကားဂိတ်တွေဘက်ကနေမှ တောင်ပေါ်တတ်လို့ရတယ်ဆိုနဲ့ အဲဒီဘက်ကိုပြန်နင်းရသေးတယ်။ တောင်ပေါ်ကို လှမ်းလျှောက်တတ်တာ တော်တော်ကိုတတ်ရတယ်။ နေမဝင်ခင်ရောက်ပါ့မလားလို့တောင် စိုးရိမ်လို့။ မျှော့်လင့်တကြီးနဲ့ တောင်ပေါ်သာတတ်လိုက်တာ အဲဒီနေ့က Sunset က သိပ့်မလှဘူး။ လူတွေကလည်း သိပ်မောနေတော့ အလှကို မမြင်နိုင်တော့ဘူး ထင်ပါ၇ဲ့။ ဒါနဲ့ အဲဒီရက်က ကိုယ်ဓါတ်ပုံတောင် မရိုက်ဖြစ်ဘူး..
နေဝင်သွားတော့ ကိုယ်တို့ တည်းခိုခန်းပြန် ရေမိုးချိုး၊ အဝတ်လဲ၊ နည်းနည်း အလှပြင်ပေါ့…. ပြီးတော့မှ ညစာထွက်စားကြတယ်… ထွက်စားတယ်ဆိုပေမယ့်လည်း တည်းခိုခန်းဘေးမှာရှိတဲ့ ဆိုင်လေးမှာတင်စားကြတာပါ။ ဆိုင်လေးက ဝါးတွေနဲ့ပဲ အလှဆင်ထားပြီး တကယ့်ကို ကျေးလက်ဆန်ဆန် ပုံဖော်ထားတယ်။ သီတင်းကျွတ် လပြည့်ညဆိုတော့ ဆိုင်မှာ ဖယောင်းတိုင်မီးလေးတွေထွန်းလို့ တကယ့်ကို လှနေတယ်။ မြောက်ဦး လပြည့်ညဟာ စစ်တွေလပြည့်ညလို ဆူညံ့မနေပဲ ဖယောင်းတိုင်မီးရောင်၊ ရောင်စုံလျှပ်စစ်မီးပုံးမဟုတ်ပဲ ရိုးရာမီးပုံးတွေအရောင်၊ ကြယ်ရောင်၊ လရောင်နဲ့ ငြိမ်းချမ်းစွာလှနေတယ်။ ကောင်းကင်မှာလည်း မီးပုံပျံလေးတွေ ပျံလို့….
မီးပုံးပျံက ကိုယ်တို့ တောင်ကြီးက မီးပုံးပျံလိုတော့မဟုတ်ဘူး။ တောင်ကြီးမှဆို ကလေးတွေဝယ်လွတ်တဲ့ ပလတ်စတစ်မီးပုံးပျံလေးတွေပေါ့။ ဒါကို ကိုယ့်ပြင်သစ်တွေက တအံတသြဖြစ်နေကြတယ်။ ဒါနဲ့ ကိုယ်လည်း ဒါတွေ ငါတို့လည်း လွတ်လို့ရတယ်ဆိုပြီး ပါးစပ်ဆော့လိုက်မိတယ်။ သူတို့ကလည်း လွတ်ချင်တယ်တဲ့။ ဒါနဲ့ ကိုယ်တို့ မြို့ထဲဘက်မှာ မီးပုံးပျံသေးသေးလေး ၂ လုံးသွားဝယ်ပြီး သျှစ်သောင်းဘုရားမှာ မီးထွန်းလိမ့်မယ်ဆိုလို့ သွားကြတာ.. နောက်ကျသွားလို့လား. ဒါမှမဟုတ် ကိုယ်ပဲ သတင်းအမှားရတာလား တော့မသိဘူး… အဲဒီဘက်ရောက်တော့ မှောင်မဲလို့… ဒါနဲ့ သျှစ်သောင်းဘုရားကို လွန်၊ ထုက္ကန်သိမ်ကို လွန်၊ လေးမျက်နှာ ဘုရားကို လွန်ပြီး သွားလိုက်ကြတယ်။ အဲဒီကနေဆက်သွားတော့ ရှေ့မှာလည်း ဘုရားတွေ၊ ဘာတွေရှိတော့ပုံမပေါ်ဘူး။ ဒါနဲ့ လူတွေထိုင်နေတဲ့ ကုန်းလေးတစ်ခု၊ မြေလည်းပြန့်ပြန့်လေးပေါ့၊ အဲဒီနေရာကို ပြန်လှည့်ကြတယ်။
အဲဒီနေရာလေးက ကုန်းနည်းနည်းလေးမြင့်တယ်၊ ကွန်ကရစ်လောင်းထားသလို ပြန့်နေတယ်၊ အဲဒီကုန်းလေးပေါ်တတ်ဖို့ လှေကားထစ်လေး ၅ဆင့် ၆ ဆင့် လောက်လည်းရှိတယ်ပေါ့၊ ဒါနဲ့ အဲဒီနေရာမှာ မီးပုံးပျံလွတ်ရင်တော့ အဆင်ပြေမယ်လို့ ထင်ပြီး ကိုယ်တို့ အဲဒီကို သွားကြတယ်။ စက်ဘီးတွေရပ်၊ လှေကားလေးတတ်ပေါ့။ ကိုယ်ကတော့ ဘုရားလည်းမတွေ့တော့ ရင်ပြင်အပျက်တစ်ခုလို့ထင်ပြီး ဖိနပ်မချွတ်ပဲ တတ်ခဲ့ပေမယ့်၊ ကိုယ့်သူငယ်ချင်း ပြင်သစ်၂ယောက်က တရိုတသေ ဖိနပ်ချွတ်ကြတယ်။ သူတို့ အဲလိုလုပ်တာကို မြင်တော့ ထိုင်နဲ့တဲ့လူတွေက ရယ်ကြတယ်။ ကိုယ်တို့ သဘောမပေါက်သေးဘူး ဘာလို့ရယ်ကြတာလဲဆိုတာ။ ခဏနေတော့ အဲဒီမြေ့ပန့်ဟာ ကွန်ကရစ်လောင်းထားသလို ပြန့်နေတာမဟုတ်ဘူး ကွန်ကရစ်ကို လောင်းထားတာ။ မြေပြန့်ရဲ့ ပုံစံက ဝိုင်းစက်စက်၊ ဘေးမှာ ဆေးအဖြူက ဝိုင်းထားသေးတယ်။ အဲဒီအချိန်မှာ ကိုယ်တို့ သဘောပေါက်ကြတာက ကိုယ်တို့ေ၇ာက်နေတဲ့နေရာဟာ ဘုရားပျက်တစ်ခုမဟုတ်ပဲ ဟယ်လီကွင်းတစ်ခုဖြစ်နေတယ်ဆိုတာပါ။ မှောင်နေတော့ မသိလို့ကြဘူး။ မြောက်ဦးဘုရင်ခေတ်က ဟယ်လီကွင်းတော့ မဟုတ်နိုင်ဘူး။ အဲဒီလှေကားမှာ အစောင့်ဘီလူးတွေ ဒူးထောင်၊ ဓါးထောင်မထိုင်နေဘူး။ 

 ဆက်ပါအုံးမယ်...

No comments:

Post a Comment