အဲဒီ ဟယ်လီကွင်းမှာ ကိုယ်တို့ မီးပုံးပျံတွေလွတ်ကြတယ်။ ပြီးတော့ အဲဒီမီးပုံးပျံလေးတွေ ပျောက်သွားတဲ့အထိ စောင့်ကြည့်ကြပြီး တည်းခိုတဲ့နေရာကို ပြန်လာခဲ့တယ်။ ဆက်သောက်ကြတယ်။ ဆိုင်မှာ ဝိုင်းတွေ တော်တော်ရှင်းမှ ကိုယ်တို့ပြန်အိပ်ကြတယ်။
နောက်တစ်ရက် မနက်ကျတော့ အားလုံးက မထချင်သေးပဲ စောစောစီးစီး ၈ နာရီလောက်မှာထလာရတော့ ဂေါက်စီစီတွေဖြစ်နေကြလို့ပေါ့။ မနက်စာစားပြီး တည်းခိုခန်းကထွက်ကြတော့ ၉ နာရီဝင်းကျင်လောက်.. ကိုယ်တို့တွေ မြောက်ဦးဈေးကို သွားလည်ကြတယ်။ ဘယ်သူမှလည်း လမ်းမသိဘူး။ ဘာမှလည်း မဝယ်ချင်ပဲ လျှောက်သွားနေတာဆိုတော့ ရှေ့ဆုံးက သွားတဲ့လူနောက်ကို လိုက်ပြီး ဈေးပတ်ကြတယ်။ ဘယ်သူရှေ့ဆုံးရောက်ရောက် သူကွေ့တဲ့နောက် လိုက်ကွေ့ကြတာပေါ့။ နောက်ဆုံးတော့ ဘာမှ မဝယ်ကြပဲ ဈေးထဲက ပြန်ထွက်လာကြတယ်။ ဈေးကတော့ သာမန်မြို့တစ်မြို့ရဲ့ ဈေးပုံစံပါပဲ။ လူသုံးကုန်၊ စားသောက်စရာတွေနဲ့ပေါ့။ ရေလုပ်ငန်းလုပ်တဲ့ဒေသဖြစ်လို့ ငါးဖမ်းပိုက်တွေ ဘာတွေရောင်းတဲ့ဆိုင်တော့ ကိုယ့်လိုတောင်ပေါ်သူအတွက် တွေ့နေကြမဟုတ်တဲ့ ဆိုင်အနေနဲ့မြင်ပေ့မယ့် သာမန်ဈေးတစ်ခုပါပဲ။
ဈေးကနေထွက်လာပြီး ကိုယ်တို့ လက်ဆယ်ကန်ဆိုတဲ့ ကန်ဘက်ကို ဆက်သွားကြတယ်။ ကန်ကြီးက တော်တော်ကျယ်တဲ့ ကန်ကြီး သဘာဝကန်လို့ထင်ရအောင် ကြီးတဲ့ကန်ဖြစ်ပေမယ့် တကယ်တမ်းတော့ ရခိုင်ဘုရင်တွေ လက်ထက်က လုံခြုံရေး စစ်ရေးဗျူဟာအရ တူးထားတဲ့ လူလုပ်ကန်ကြီးဖြစ်တယ်တဲ့။ ဘာယန္တာရားမှ မပါပဲ လူနဲ့ချည်းပဲ တူးထားတဲ့ကန်မို့ လက်ဆယ်ကန်လို့ခေါ်တယ်လို့ ဒေသခံတွေက ပြောပြကြတယ်။
အဲဒီကန်တစ်ဘေးတစ်လျှောက်ကို စက်ဘီးစီးကြည့်မယ်လို့ အကြံပေါ်တာက ပြင်သစ်တစ်ယောက်ပါ။ ဒါနဲ့ ကိုယ်လည်း သိပ်ဝေးဝေးလမ်းမရှိဘူးထင်လို့ ခေါင်းငြိမ့်လိုက်မိတယ်။ တကယ်လည်း သွားရော တောင်တတ် တောင်ဆင်းလမ်းတွေနဲ့ တော်တော်ကို ဝေးပါတယ်။ တူတူသွားကြတဲ့ ၄ ယောက်မှာ ကိုယ်တစ်ယောက်က သူတို့လောက် အကြမ်းမခံလို့ ကိုယ်က နောက်ဆုံးကျန်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းတာတစ်ခုက သူတို့က ကိုယ့်ကို အမြဲစောင့်ပါတယ်။ တော်ရုံတန်ရုံသူတို့ စက်ဘီးစီးတတ်သွားနိုင်တဲ့ လမ်းကို ကိုယ်က တွန်းတတ်ရတယ်။ သူတို့ စက်ဘီးစီးပြီး ဆင်းသွားတဲ့ အဆင်းလေးကို လမ်းနည်းနည်းကြမ်းရင် ကိုယ်က ကြောက်ပြီး တွန်းဆင်းတယ်။
လမ်းတစ်လျှောက်မှာ အိမ်လေးတွေရှိတဲ့နေရာရှိသလို၊ ဘုန်းကြီးကျောင်းရှိတဲ့နေရာ၊ တောပဲရှိတဲ့နေရာ … ဒီလိုနေရာတွေကို ကျော်လာခဲ့ပြီး တစ်နေရာအရောက်မှာတော့ ကိုယ်တို့ လမ်းဆုံတစ်ခုကိုရောက်ပါတယ်။ တစ်လမ်းက အပေါ်ကိုတော်တော်တတ်ရမယ်။ တက်ရတာမှ လှေကားထစ်လေးတွေနဲ့ လှေကားထစ်လေးတွေကို ဝါးလုံးတန်းလေးတွေနဲ့ ရိုက်ထားတယ်။ တော်တော် သပ်သပ်ရပ်ရပ်လေး လုပ်ထားတာပါ။ နောက်တစ်လမ်းက အောက်ကိုဆင်းရတာ။ လမ်းလို့တောင် ခေါ်ဖို့ခက်ခက်ပါပဲ။ ဗွက်တွေမှ လမ်းလို့ ထင်ရက်စရာမရှိပါဘူး။ ဒါနဲ့ ဒါတော့ လမ်းမဖြစ်နိုင်ဘူးဆိုပြီး လှေကားထစ်တွေအတိုင်း ကိုယ်တို့ စက်ဘီးတွေတွန်းတတ်ကြတယ်။ ထုံးစံအတိုင်း ကိုယ်ကတော့ နောက်ဆုံးပေါ့။
ကိုယ်တစ်ဝက်လောက်အရောက်မှာ ကျန်တဲ့ ၃ ယောက်က အပေါ်ဆုံးရောက်သွားပြီ။ ပြီးတော့ စက်ဘီးကို မနိုင်မနင်း မတင်နေတဲ့ ကိုယ့်ကို ကြည့်ပြီး ရယ်ကြတယ်။ နောက်ပြီး ဆွိ စိတ်မပူနဲ့တဲ့။ ငါတို့ ပြန်ဆင်းကြမယ်။ ဒီဘက်မှာ လမ်းမရှိတော့ဘူး။ ဘုန်းကြီးကျောင်းပဲရှိတယ်တဲ့။ ကိုယ်တစ်ယောက်တည်းသာဆို အဲဒီ ဘုန်းကြီးကျောင်း၊ ဒါမှမဟုတ် အနီးနားမှာ ရှိတဲ့ သီလရှင်ကျောင်းမှာတင် သီလရှင်ဝတ်လိုက်မိမယ်ထင်ရဲ့။
လာတဲ့လမ်းအတိုင်းလဲ လှည့်မပြန်နိုင်တော့ဘူး။ အဲဒီအချိန်မှာ ကိုယ်တို့ စက်ဘီးစီးလာတာ ၁ နာရီလောက်ရှိပြီ။
- ကိုယ်ဆင်းလာခဲ့တဲ့လမ်းတွေကို ကိုယ်ပြန်နင်းမတတ်နိုင်တော့ဘူး။
- ကောင်းတဲ့လမ်းက ဆက်သွားလို့မရတော့ဘူး။
- ဗွက်ထနေတဲ့ လမ်းကလည်း ဘယ်ရောက်မယ်မှန်းမသေချာဘူး။
- ရေဗူးကလည်း မယူလာကြဘူး။
ဒါနဲ့ အဲဒီလမ်းဆုံလေးမှာ ၄ ယောက်သား စက်ဘီးတွေရပ်ပြီး ခြေပစ်လက်ပစ်ကို ထိုင်နေကြတယ်။ ၁ နာရီလောက် စက်ဘီးနင်းထားတဲ့ အရှိန်နဲ့ဆိုတော့ ညက ဝီစကီတွေလည်း အငွေ့ပြန်သွားပါပြီ။ အဲဒီအချိန်မှာ အသက် ၆၀ လို့ပြောတဲ့ အဖွားကြီးတစ်ယောက်ရောက်လာလို့ မေးကြည့်တော့ ဗွက်ထဲက ဖြတ်ရင် အပြင်ပြန်ရောက်တယ်လို့ ပြောတယ်။ သူက ရခိုင်လိုပြော ကိုယ်က ဗမာလိုပြောနဲ့ ပေါ့။
ပြန်လည်း မလှည့်ချင်တော့တာနဲ့ ကိုယ်တို့တွေ အဘွားကြီးပြောတဲ့ လမ်းသာတယ်ဆိုတဲ့ ဗွက်ထဲကိုပဲ ဆင်းလျှောက်ရတော့တာပဲ။ တော်ရုံတန်ရုံ ကြောက်တတ်တဲ့သူ၊ အမောမခံနိုင်တဲ့သူ၊ နောက် ရွံတတ်တဲ့သူဆိုရင် ကိုယ်တို့ ရူးသလို မြောက်ဦးများရောက်ခဲ့ရင် လိုက်မရူးဖို့ တားချင်ပါတယ်။ အဲဒီဗွက်ထဲမှာ နောက်ချေးတွေလည်းရှိတယ်။ အနံပေါင်းစုံကလည်း နံတယ်။ အဲဒီလမ်းကို ၁၅ မိနစ်လောက် စက်ဘီးတွန်းပြီးတဲ့နောက်မှာ ရွာလေးတစ်ရွာကို ရောက်ပါတယ်။ ရွာလေးက တော်တော်ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်လေးရှိတယ်။ ရွာသားတွေရဲ့ မျက်နှာက ရခိုင်မဆန်ဘူး။ နောက်မှသိရတာက ချင်းရွာလေးပါတဲ့။ ပါးရဲထိုးထားတဲ့ မိန်းမတွေတော့ မတွေ့ခဲ့ရပါဘူး။ အဲဒီရွာလမ်းကနေ အပြင်ထွက်လိုက်တော့ မြောက်ဦးမြို့အပြင် ကားလမ်းပေါ်ကို ရောက်သွားပါရော။
ဘယ်လမ်းကနေ ဘယ်လိုသွားလိုက်လို့ အဲဒီနေရာကိုရောက်သွားလဲ မသိပါဘူး။ ကားလမ်းမပေါ်ရောက်သွားတာတောင် ကိုယ်တို့ ဒုက္ခက မပြီးသေးဘူး။ ဘယ်ဘက်ကို ကွေ့ရမလား၊ ညာဘက်ကို ကွေ့ရမလား။ ……
တွေ့တဲ့ လူကို မြောက်ဦး ဘယ်ဘက်လဲ လိုက်မေးရတယ်။ လူတွေကလည်း ကိုယ်တို့ကို အူလည်လည်၊ တအံတသြနဲ့ ကြည့်ရတယ်။ ရွံ့တွေ၊ ဗွက်တွေ၊ ချွေးတွေ၊ သံတွေနဲ့ လူတွေ စက်ဘီးတစ်ယောက်တစ်စီးနဲ့ ဆိုတော့…. ဒေသခံလည်း တစ်ယောက်မှ မပါဘူး။
နောက်တော့ ညာဘက်ကိုဆက်သွားဖို့ အဖြေရတယ်။ ဒါနဲ့ သူတို့ပြောတဲ့အတိုင်း ဆက်စီးရပြန်ရော။ ကိုယ်ဆို ရွံ့တွေ၊ ဗွက်တွေအပြင် ဖိနပ်ကပါ စက်ဘီးခြင်းထဲရောက်သွားပြီ။ ကားလမ်းမပေါ်မှာ ကိုယ်တို့ အတွေ့ချင်ဆုံးတစ်ခုက လက်ဘက်ရည်ဆိုင်ပါ။ ၁၀ မိနစ်လောက် စီးပြီးတဲ့နောက်တော့ ဆိုင်သေးသေးလေး တစ်ဆိုင်ကို တွေ့ပါတယ်။ လက်ဘက်ရည်ဆိုင်တော့ မဟုတ်ပါဘူး။ ဆီထမင်းဆိုင်လေးပါ။ ထိုင်ခုံလေးတွေတော့ ရှိတယ်။ ကိုယ်တို့ ကော်ဖီမစ်မှာတာတောင် ကော်ဖီထုပ်ကို တစ်ခြားအိမ်ဆိုင်လေးက သွားဝယ်ကြတယ်။
ဆိုင်လေးမှာ ခဏထိုင်ပြီး ဆိုင်ရှင်ကို ဒီနားတစ်ဝိုက်ရေပေါလားဆိုတဲ့ မေးခွန်းကို သံတမန်ဆန်ဆန်မေးရပါတယ်။ ခြေထောက်ဆေးချင်လို့ပါမယ်။ သူဆီက Negative Answer သာရမယ်ဆိုရင် မြောက်ဦးမြို့ထဲကို ကိုယ် ဖိနပ်မပါပဲ ဝင်ရပါလိမ့်မယ်။
ကံကောင်းချင်တော့ Positive answer ကိုရတာနဲ့ ဝမ်းသာအားရ အိမ်နောက်ဘက်ဝင်ပြီး ခြေထောက်ဆေးကြပါတယ်။
ငါသာဆို အဲ့ သံတမန်စကားတွေ နားလည်မှာ မဟုတ်ဘူး။. ခွိစ်စ်စ်စ်စ်
ReplyDeleteနင်က ငပိန်းကို ...
ReplyDelete