- ရုပ်ဝတ္တုပစ္စည်းဖြစ်သော ဖြောင့်တန်းတန်း မာကျောကျော ပေတံတစ်ချောင်းကို အဖွားဖြစ်သူ၏ စက်ခုံပေါ်တွင် ပထမဆုံး မြင်ဖူးခဲ့သည်ဟု ထင်သည်။ ကျောင်းစိမ်းဝတ်စုံဝတ်၊ လွယ်အိတ်တစ်လုံးလွယ်၊ ကျောင်းစတတ်ချိန်တွင် သစ်သားပေတံတစ်ချောင်းသည် ကျွန်မ၏ကျောင်းသွားဖော်၊ စာကျက်ဖော် ဖြစ်လာခဲ့သည်။
- ချယ်ရီခေတ် တစ်ခေတ်ပြီး တစ်ခေတ်ပြောင်းသွားလည်း ပန်းရောင်ဖြစ်မြဲဖြစ်သည်။ ပေတံသည်လည်း ဖြောင့်တန်းဆဲဖြစ်သည်။ ပေတံတစ်ချောင်း၏ အသုံးဝင်မှုမှာ မျဉ်းကြောင်းတားရန် တစ်မျိုးတည်းမဟုတ်ကြောင်းလည်း တစ်စတစ်စသိခဲ့သည်။
- ထို့အတူ လူ့အဖွဲ့အစည်းတွင် ရုပ်ဝတ္တုပေတံများအပြင် မမြင်ရသော ပေတံများလည်း ရှိကြောင်း နားလည်ခဲ့သည်။
- ယောကျာင်္း မိန်းမ ခွဲခြားမှု သတ်မှတ်ချက်
- မိန်းကလေးဖြစ်ပြီး ယောကျာင်္းလေးတွေနဲ့ အပြိုင်ကဲရလား… ဟဲ့ … အခုအိမ်ထဲဝင် .. ငြိမ်ငြိမ်ထိုင်စမ်း…. အဲဒီအပေါ်က ဆင်းခဲ့… ငါမပြောလိုက်ချင်ဘူး…
- အဖွားဖြစ်သူ၏ တစ်ပျစ်တောက်တောက် ဆုံးမသံ
- ဆင်းရဲချမ်းသာ ခွဲခြားမှု သတ်မှတ်ချက်
- အုပ်ကြားမြက်ပေါက်၊ အောက်တန်းစား၊ ကလေကချေ
- မြန်မာဗီဒီယိုတွေထဲမှ ခပ်တုံးတုံး ဒိုင်ယာလာဒ့်
- ပညာအရည်အချင်း (သို့မဟုတ်) မှတ်ဥာဏ်စွမ်းအား သက်မှတ်ချက်
- နင်ဒါလေးတောင် အမှတ်ပြည့်မရဘူးလား
- ကျောင်းတတ်ဖော်၏ နှိမ့်ချပြောဆိုသံနှင့် ဆရာမ၏ မျက်မှန်ပေါ်မှ ကျော်ကြည့်သော အကြည့်တစ်ချက်
(စသည့်ဖြင့် သက်မှတ်ချက်များစွာ)
- သစ်သားပေတံနှင့် ကော်ပေတံ (ခေါ်) ပလပ်စတစ်ပေတံ တစ်လက်မအတိုင်းအတာချင်း တူနိုင်မည် ဖြစ်သော်လည်း၊ လူသားတစ်ဦးချင်းစီ၏ အားသာချက် အားနည်းချက်များ မှာ ပေတံပေါ်မှ တစ်လက်မများ မဖြစ်နိုင်သည်ကို ကျွန်မတို့ လက်ခံရမည်သာဖြစ်သည်။ လူသားများအားလုံးသာ တစ်လက်မ အတိုင်းအတာများ တူညီနေပါက လူ့အဖွဲ့အစည်းတိုးတတ်ပြောင်းလဲမှု ဖြစ်လာရန် ခဲယဉ်းမည် ဖြစ်သည်။
- နှိုင်းယှဉ်မှုအတွက် မရည်ရွယ်သော သက်မှတ်ချက်ပေတံများကိုလည်း သိမြင်ခဲ့ရသည်။ ကျိုးကြောင်း ဆီလျှော်မှု ရှိသော သက်မှတ်ချက်များအပြင်၊ ကျိုးကြောင်းဆီလျှော်မှုမဲ့သော သက်မှတ်ချက်များလည်း ရှိသေးသည်။ ထိုအရာများသည် ကမ္ဘာဦးမှသည် ယနေ့ခေတ်အတွင်း တစ်စတစ်စ ပြောင်းလဲလာသည်။ မပြောင်းလဲနှိုင်သည်များလည်း ရှိသေးသည်။ ပထမဆုံး လူသားအဖွဲ့အစည်းတွင် ဓလေ့၊ ထုံးတမ်းအစဉ်အလာ၊ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဘာသာတရား၊ အမှန်တရား၊ မှားယွန်းမှု၊ စကြာပြောသွားသော လူ့ယဉ်ကျေးပေတံတွေ မရှိခဲ့ပါဟု ယူဆပါသည်။
- ဒီလိုနဲ့ လူသားတွေဟာ သူတို့ဖြတ်သန်းခဲ့တဲ့ ဘဝတိုတိုလေး (ရေပွတ်ပမာဆိုပြီးတောင် ဘဝတိုတာကို နှိုင်းထားတဲ့ သူတွေရှိတယ်) အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိုမ့်ခြင်းတွေ၊ အဖြစ်အပျက်တွေ နဲ့ တိုင်းတာပြီး ယုံကြည်မှု၊ ကိုးကွယ်မှု၊ ထုံးတမ်းအစဉ်အလာ၊ ဓလေ့တွေကို ဖန်တီးယူလာကြသည်။
- နေကို ကိုးကွယ်သည့်သူများ၊ လကို ကိုးကွယ်သူများ၊ နတ်ဘုရားကို ကိုးကွယ်သူများ၊ ဗုဒ္ဓကို ကိုးကွယ်သူများ၊ ခရစ်တော်ကို ကိုးကွယ်သူများ စသည်ဖြစ့် အုပ်စုများကွဲပြားလာပြီး ပေတံများလည်း တစ်ချောင်းနဲ့ တစ်ချောင်း အတိုအရှည် ကွဲပြားလာကြသည်။
- ကမ္ဘာအရှေ့ခြမ်း၏ တန်ဖိုးထားသော အရာနှင့် ကမ္ဘာအနောက်ခြမ်း၏ တန်ဖိုးထားသော အရာများသည် ဆန့်ကျင်ဘက်နီးပါးဖြစ်လာသည်။ အနောက်ခြမ်းရှိ လူသားများသည် လျှင်မြန်စွာဖြင့် တိုးတတ်လာသည်။ ထိုကဲ့သို့ တိုးတက်သွားသောအခါ အရှေ့ခြမ်းရှိလူသားများ တန်ဖိုးထားသည့်အရာများသည် သူတို့အတွက် အဓိပ္ပါယ်မဲ့လာသည်။ ထိုအခါ ကျွန်မတို့ခေတ် လူငယ်တစ်စုအတွက် ကြုံတွေ့ရသော အခက်အခဲများသည် ကျွန်မတို့ရှေ့ မျိုးဆက်များနှင့် လုံးဝနီးပါး ကွဲပြားလာသည်။
- ထိုအခြေအနေမျိုးတွင် ပြဿနာဆင်တူနှစ်ခု အချိန်ကာလကွာခြားသွားသည့်အခါ ပြဿနာဖြေရှင်းရန်နည်းလမ်း (သို့မဟုတ်) အဖြေ (သို့မဟုတ်) ပေတံသည်လည်း ကွဲပြားလာရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ ကျွန်မဖေဖေ မိန်းမပိုးခဲ့သည့် နည်းအတိုင်း ယနေ့ ကျွန်မမောင်လေး ကောင်မလေးကို ပိုးပန်းပါက တစ်ဘက်က ဟားတိုက်ကောင်း ဟားတိုက်နိုင်သည်။
- ရှေးလူကြီးများ၏ ဆိုရိုးများ၊ ဓလေ့ထုံးစံများ၊ ပြဿနာ ဖြေရှင်းသည့် နည်းလမ်းများသည် တန်ဖိုးအားဖြင့် တန်ဖိုးနည်းသည်ဟု မပြောနိုင်သော်လည်း ယနေ့ခေတ်အခြေအနေကို ကြည့်ပြီး ပြင်ဆင်သင့်သည်များ ရှိလာပြီဖြစ်သည်။ တို့ကြောင့်ပေတံများသည် တစ်ခေတ်နှင့်တစ်ခေတ် အတိုအရှည် ကွာဟလာရမည်ဖြစ်သည်။ လမ်းရိုးကိုသာ ဆက်သွားမည်ဆိုပါက လူအဖွဲ့အစည်းသည် တိုးတက်လာရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။
- တစ်ချိန်က မိန်းကလေးတစ်ယောက် ဆယ်ကျော်သက်အရွယ်တွင် ဖြစ်စေ ချစ်သူနှင့်ဖြစ်စေ၊ အခြေအနေတစ်ရပ်ရပ်ကြောင့် မချစ်သူနှင့်ဖြစ်စေ မှားယွန်းမိပါက သူတွင်ရွေးချယ်စရာမှာ သူကိုယ်သူ သတ်သေရန်နှင့် ထိုလူကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ အရက်သမား၊ ဖဲသမား၊ လောင်းကစားသမား၊ အိမ်ထောင်သည် ဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ တစ်ဘဝလုံး သစ္စာရှိစွာ ပေါင်းသင်းရန် ဖြစ်သည်။ သို့မဟုတ်ပါက ထိုမိန်းကလေးအား ခဏတာအမှားအတွက် မိသားစု၊ လူအဖွဲ့အစည်းမှ ကျင်ထားလိမ့်မည် ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် လူအဖွဲ့အစည်း၏ ပေတံကြောင့် ထိုမိန်းကလေး၏ ဖြစ်တည်မှု၊ လူသားရပိုင်ခွင့်သည် ပျောက်ဆုံးသွားရပြီး ကျန်လူများက မိန်ကလေးကို အကြမ်းဖက်သည့် သဘောသက်ရောက်လိမ့်မည်ဖြစ်သည်။
- လူသားတိုင်းတွင် မည်ကဲ့သို လူသားအဖြစ် ဖြစ်တည်ရန် ရွေးချယ်ခွင့်မရှိအောင် တစ်ခါတစ်ခါတွင် ပေတံများက စည်းကျပ်ထားသည်။ သို့သော် ကျွန်မအမြင်တွင် လူတစ်ယောက်ချင်းစီတွင် မိမိဖြစ်တည်မှုကို မိမိရွေးချယ်ရန် အခွင့်အရေးရှိသင့်သည်။
- ထိုရွေးချယ်မှုအတွက် ပေးဆက်ရမည့် တန်ဖိုးများ၊ နာကျင်မှုများ ရှိကောင်းရှိနိုင်ပြီး မိမိရွေးချယ်မှုအတွက် မိမိတာဝန်ယူရဲသည့် သတ္တိရှိရန် လိုအပ်သည်။
- ထိုသတ္တိမျိုးမရှိပါက မိမိမှားယွန်းမှု၊ ရှုံးနှိမ့်မှုများအတွက် ပေတံများကို တရားခံအဖြစ် အပြစ်ပုံချရန်အတွက် ထိုသမာရိုးကျပေတံ အတိုင်းသာ သင့်ဘဝကို တည်ဆောက်နိုင်သည်။
- လူသားဆန်သော လူသားများသည် မိမိဖြစ်တည်မှုကို ကိုယ်တိုင်ရွေးချယ်ပြီး စက်ရုပ်ဆန်သော လူသားများသည် စက်ရုပ်ဆန်ဆန်ပေတံများကိုသာ လိုက်နာကြသည်။
(၉.၁၀.၂၀၁၁) တွင်စတင် ရေးသားပြီး (၁၆.၁၀.၂၀၁၁) တွင် အဆုံးသတ်သည်။
လူနှင့်...................... စာစုတွေကို စကြာ နှင့်အတူရေးသားရန် သဘောတူထားပါသည်။
ပေတံတွေကို ချိုးပစ်မယ်။ ချိုးမရရင် မသိချင်ယောင်ဆောင်နေမယ်။ နော့။
ReplyDeleteခွိခွိ
ReplyDeleteငါက အပူပေးပြီး ဆွဲဆန့်မလားလို့