လူနှင့် အသက်ရှင်သန်နေထိုင်မှု
လူသားတစ်ဦး မွေးဖွားလာသည်။
ထို့နောက် အသက်ရှင်သန် နေထိုင်သည်။
နောက်ဆုံး သေသွားလေသည်။
ဝါးးးး… အုဝါး…အ.. အုဝါး…အ ................................……………………………………………………………………………………………………… ဂစ်စ် …။
ရုန်းကန်မှုတွေနှင့် စတင်ခဲ့သည့် ရှင်သန်နေထိုင်မှု တစ်ခု၏ ပုံစံကို လူတို့က အမျိုးမျိုးသတ်မှတ်ကြလေသည်။ ထိုသက်မှတ်ချက်များအားဖြင့်ပင် အချို့က လူယဉ်ကျေး၊ အချို့က လူယုတ်မာ၊ အချို့က လူမိုက်၊ အချို့က လူသူတော်၊… … … …၊ စသဖြင့်။ ခေါင်းစဉ်များစွာ၊ တံဆိပ်များစွာ။ အချို့က မိမိရုပ်အလောင်းပေါ်က နောက်ဆုံးတံတွေးစက်ကို မလိုချင်ပါပဲ ရသွားလျက်၊ အချို့က ချစ်မြတ်နိုးကြသူတို့၏ မျက်ရည်စက်တို့အား မရပဲနှင့် ယူသွားကြလျက်၊ အချို့က မိမိတို့အမည်နာမကို ကျောက်တောင်ကမ်းပါးတို့နံရံမှာ ထွင်းထုထားဘိသကဲ့သို့ ဂုဏ်ရှိန်ကြီးမြင့်စွာဖြင့် ထားခဲ့ကြလျက်၊ လူတိုင်းတစ်နေ့တော့ သေကြလေသည်။
လူတိုင်းတန်ဖိုးထားမှု ကိုယ်စီရှိကြမည်။ ထိုတန်ဖိုးထားသောအရာကလေး မိမိတို့ဘဝတွင် ရရှိပိုင်ဆိုင်ရပါက မိမိဘဝအောင်မြင်သည်ဟု မိမိကိုယ်ကိုယ် သတ်မှတ်နိုင်လေသည်။ ထို့အတူပင် မိမိကဲ့သို့ တန်ဖိုးထားသည့်အရာ၊ စံနှုန်းချင်းတူသူတို့ကလဲ မိမိကို အောင်မြင်ကြောင်းထောက်ခံကြမည်။ ထို့ထက်ပို၍ အားကျကြမည်။ မတူသူတို့က ဥပေက္ခာပြုကြမည်။ ထို့ထက်ပို၍ တိုက်ခိုက်ခြင်းများလဲ ခံရနိုင်လေသည်။ တစ်နည်းအားဖြင့် မတူသောအမြင်ရှိသူတို့၏ ဆန့်ကျင်ဘက်ရှုထောင့်များမှ မိမိအပေါ်သက်ရောက်သည့်အားများဖြစ်၏။ ဤတွင် ပြဿနာစ လေသည်။
လူတိုင်းထားသည့် တန်ဖိုးမှာ ဘယ်အပေါ်တွင် အခြေခံထားပါသနည်း။ ပိုမို ရှင်းလင်းစွာမေးရလျှင် လူပီသစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် လူသားတို့ သတ်မှတ်ထားသည့် စံနှုန်းမှာ မည်သို့ မည်မျှ ရှိသနည်း။ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းတွင် လူသားဆန်သူများ ရှိကြပါသလား။ တံခါးခေါက်၍ ယဉ်ကျေးစွာ မေးလိုပါသည်။
လူသားဆန်ခြင်း
- လူသည် မွေးကတည်းက အမှားလက္ခဏာ ပါခဲ့သည်တဲ့။ အမှန်တွေလဲ ပါလာမှာ မလွဲပါ။
- မေးချင်ပါသည်။ အမှန်နှင့် အမှားတို့ ဘယ်ကလာ၍ မည်သို့ ဆုံးကြပါသနည်း။
လူသားဆန်သူတစ်ယောက်အဖို့ နားမလည်နိုင်သော အကြောင်းအရာတစ်ခုသာဖြစ်ပြီး လူယဉ်ကျေးတို့အဖို့ ထိုနားမလည်မှုကပင်လျှင် အမှားတစ်ခုဖြစ်ပေမည်။
အသက်ရှင်နေထိုင်မှု တစ်ခုတွင်
- လူယဉ်ကျေးတစ်ဦးအတွက် ယဉ်ကျေးသူလူ့အသိုင်းအဝိုင်းမှ အသိအမှတ်ပြုခြင်းသည် အရေးပါ၍
- လူသားဆန်သူတစ်ဦးအတွက် ဆင်ခြင်တုံတရားနှင့် ခံစားချက်တို့မှ အသိအမှတ်ပြုခြင်းသည် အရေးပါ၏။
- ယဉ်ကျေးသူတစ်ဦးအတွက် လူ့ကျင့်ဝတ်တို့က သက်ဝင်လည်ပတ်စေသည့်အရာဖြစ်ပြီး အသိအမှတ်ပြုခံရလိုခြင်း(သို့) ဆန့်ကျင်ရလဒ် မရလိုခြင်းတို့က ထိန်းချုပ်ထားသည်။
- လူသားဆန်သူတစ်ဦးအတွက် ခံစားချက်က လည်ပတ်စေသည့် အရာဖြစ်ပြီး ဆင်ခြင်တုံတရားက ထိန်းချုပ်ပေးသည်။
- ထူးချွန်သော လူယဉ်ကျေးတို့သည် ကျင့်ဝတ်နှင့်ဆန့်ကျင်နေသော ခံစားချက်နှင့် ဆင်ခြင်တုံတရားကို မသိကျိုးကျွံပြုလျက်လည်းကောင်း၊ ချိုးနှိမ်လျက်လည်းကောင်း ကျင့်ကြံနေထိုင်သွားကြပြီး၊ နိမ့်ကျသော လူယဉ်ကျေးတို့က ခံစားချက်ကို ခိုးဝှက်စားသောက်ကြ၏။
- ထူးချွန်သော လူသားဆန်သူသည် တာဝန်သိတတ်မှု၊ တာဝန်ယူမှုတို့နှင့် အတူ နူးညံ့စွာ အရိုင်းဆန်ကြ၍ နိမ့်ကျသော လူသားဆန်သူတို့က ယဉ်ကျေးစွာ/ ရိုင်းပျစွာ တာဝန်မဲ့တတ်ကြသည်။
ထိုသို့ဖြင့် ခြုံငုံသုံးသပ်ကြည့်ပါလျှင် လူ့ယဉ်ကျေးနှင့် လူသားဆန်သူတို့အကြား၊ ယင်းတို့ အချင်းချင်းတို့အကြား အမျိုးမျိုးကွဲလွဲတည်ရှိနေကြပြီး တွန်းထိုးရုန်းကန်နေကြရသည်။
အထူးသဖြင့် လူယဉ်ကျေးတို့(ဝါ) ယဉ်ကျေးသောလူ့အဖွဲ့အစည်းအတွင်းတွင် လူသားဆန်စွာ ရပ်တည်လိုသူတစ်ယောက် အတွက် လူ့ကျင့်ဝတ်ဟူသည့် ပေတံတစ်ချောင်းဖြင့် အတိုက်အခိုက်၊ ပြစ်တင်ဝေဖန်မှုပြုခြင်း များစွာခံကြရသည်။ လူအဖွဲ့အစည်းသည်လည်း အချို့သော ဆင်ခြင်တုံတရားကင်းမဲ့သည့်၊ ခံစားချက်ကင်းမဲ့သည့် လူ့ကျင့်ဝတ်များကြောင့် ဒဏ်ရာများစွာရကြရသည်။
ချို့ယွင်းချက်များစွာရှိနေကြသည့်တိုင်အောင် မည်သည့်အမျိုးအစားက လူသားတစ်ဦး အသက်ရှင်နေထိုင်ခြင်း အပေါ် အဓိပ္ပါယ်ပြည့်ဝမှု ပို၍ပေးနိုင်ပါသနည်း။
(က) ငါသည် လူသားတစ်ဦးအဖြစ်မွေးဖွားလာခဲ့သည်။ ငါ့၌ ထူးခြားသော ဆင်ခြင်တုံတရားကို ဖြစ်စေသည့်အသိဉာဏ်နှင့် ခံစားတတ်သော နှလုံးသားတို့ ပါလာကြသည်။ ငါ့နှလုံးသားစေရာကို ဆင်ခြင်တုံတရားအားဖြင့်လည်းကောင်း ဆင်ခြင်တုံတရားကင်းမဲ့လျက်လည်ကောင်း ငါ လိုက်ပါမည်။ ထို့အတွက် ငါတာဝန်ယူ၏။ ငါပြုသမျှအတွက် ငါ့၌ တာဝန်ရှိကြောင်းငါသိပါသည်။
(ခ) ငါသည် လူသားတစ်ဦးအဖြစ်မွေးဖွားလာခဲ့သည်။ ငါ့ မိဘ၊ မောင်နှမများ၊ ဆွေမျိုးများနှင့် ငါ့ပတ်ဝန်းကျင်တို့က ငါ မည်သို့ ရှင်သန်နေထိုင်သင့်ကြောင်း သင်ကြားပြသပေးသည်။ အချို့ကို ငါနှစ်သက်ကျေနပ်စွာဖြင့် လုပ်နိုင်ခဲ့သည်။ အချို့ကိုမူကားငါ မနှစ်မြို့စွာဖြင့် ပြုလုပ်ခဲ့ရသည်။ အချို့ကို နှစ်သက်ကျေနပ်စွာ ငါစွန့်လွှတ်ပေးခဲ့ပြီး အချို့ကို ငါ ကြေကွဲစွာဖြင့်ပင် စွန့်လွှတ်ပေးခဲ့ရသည်။ ငါသည် လူ့လောက၌ နေစဉ်တစ်လျှောက် လူ့ကျင့်ဝတ်တို့ကို လိုက်နာသရွေ့ ငါပြုသမျှသည် မှန်ကန်ပြီး အကျိးဆက်ကိုလဲ အားလုံးက လက်ခံပေးကြသည်။ ထို့အတွက်ကြောင့်ပင် ငါ လူကောင်းတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုခံရပါသည်။
နောက်ဆုံးအနေဖြင့် ကျွန်တော့်ဟီးရိုးများဖြစ်ကြသူ (ဟီးရိုးဆို၍ သူတို့ကို ကြိုက်လို့ လိုက်လုပ်သည်ဟု မမြင်စေလိုပဲ ကျွန်တော်နဲ့ သဘောထား အမြင်တိုက်ဆိုင်တဲ့ ထင်ပေါ်ကျော်ကြားသူများ ဟု သိစေလိုပါတယ်။) နှစ်ဦး၏ ခံယူချက်များကို ပြောလိုပါတယ်။ ပထမဆုံး နာဗားနား တီးဝိုင်းမှ တေးရေး၊ တေးဆို နှင့် ဂစ်တာအတီးသမား ကာ့တ် ကိုဘိန်း ပြောခဲ့တဲ့စကားလေးဖြစ်ပါတယ်။
It’s better to be hated for what you are than to be loved for what you are not. (Kurt Cobain – Nirvana)
အတုအယောင်တွေနဲ့မင်းကို လူတွေ ချစ်ကြတာထက် မင်းရဲ့ အရှိတရားကို လူတွေ မုန်းကြတာ ပိုကောင်းပါသေးတယ်…. လို့ ပြန်လို့ရမယ် ထင်ပါတယ်။ နောက်တစ်ယောက်ကတော့ ပြည်တွင်းအနုပညာရှင် တေးရေး၊ တေးဆို ဒိုးလုံးရဲ့ စကားလေးပါ။
“ ကိုယ်တန်တယ် ထင်ရင်လုပ်ဖို့ပါပဲ။ ကာ့တ်ကိုဘိန်းက သူသေတာ သူ့အတွက် ပိုကိုက်တယ်ထင်လို့ သူ့ကိုယ်သူ သတ်သေသလိုပေါ့။ အဓိက က ဖြစ်လာမယ့်အကျိုးဆက်ကို ကိုယ်လက်ခံနိုင်တယ်၊ ကျေနပ်တယ် ဆိုရင် လုပ်မယ်။”
ဒီစာလေးကို စကြာ ကရေးသားပါတယ်။ လူနှင့်............... ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ကိုယ်တို့ ၂ ယောက်ပေါင်းပြီး စာစုလေးတွေ ရေးသားဖို့ သဘောတူထားပါတယ်။
No comments:
Post a Comment