တစ်နေ့နေ့တော့ ငါ..
ပျောက်ကွယ်သွားရမှာပါ။
လေပြင်းကြောင့် ဖြစ်ဖြစ်
လေညှင်းကြောင့်ပဲဖြစ်ဖြစ်။
မီးစာကုန်လို့ဖြစ်ဖြစ်
ဆီခန်းလို့ပဲဖြစ်ဖြစ်။
မလိုသူတို့ရဲ့ လက်ညှိုးနဲ့ လက်မကြောင့်ဖြစ်ဖြစ်
လိုသူတို့ရဲ့ အတွင်းဆန် မှုတ်သက်ကြောင့်ပဲဖြစ်ဖြစ်။
တစ်နေ့နေ့တော့ ငါ..
ပျောက်ကွယ်သွားရမှာပါ။
ထွန်းတောက်ခွင့်ရစဉ်ခဏ
လှလှပပ လောင်ကျွမ်းမယ်။
လင်းလင်းမြမြ နွေးထွေးမယ်။
ငါ့အနားတော့ သိပ်မကပ်ကြပါနဲ့
ငါဟာမီးတောက်ငယ်ကလေးဖြစ်တယ်။
ငါဟာ မင်းအတွက်
စုန်းအိုမရဲ့ လက်ဖျစ်တစ်ခတ်က
လွင့်ထွက်ကျလာတဲ့ စုန်းမီးတစ်ပွင့်
ဖြစ်ကောင်းဖြစ်မယ်။
နတ်သမီးနှင်တံက လက်ဖြာစီးလွင့်နေတဲ့
ကံကောင်းခြင်းကြယ်တစ်ပွင့်
ဖြစ်ကောင်းဖြစ်မယ်။
ဒါပေမဲ့ ကျေးဇူးပြုလို့
ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ ပြောမပြကြပါနဲ့။
(ငါ့ကို တံဆိပ်မကပ်လိုက်ပါနဲ့)
ငါဟာ မီးတောက်ငယ်ကလေးဖြစ်တယ်။
ငါ့ကြောင့် မင်းအလင်းရတဲ့အခါ
အမှောင်ထုကို ကျေးဇူးတင်လိုက်ပါ။
ငါ့ကြောင့် မင်းနွေးထွေးတဲ့အခါ
ချမ်းအေးမှုကို ကျေးဇူတင်လိုက်ပါ။
ဒါတွေသာမရှိခဲ့ရင်
ငါဟာမင်းအတွက် အန္တရာယ်တစ်ခု
ဖြစ်ကောင်းဖြစ်လိမ့်မယ်။
ငါဟာ မီးတောက်ငယ်ကလေးဖြစ်တယ်။
အမှောင်ထုက ချုပ်ကိုင်စိုးအုပ်
လက်သီးဆုပ်ကလေးနှစ်ဘက်နဲ့
တိုးထွက် ရုန်းကန် တွန်းလှန်ခဲ့မယ့်
ငါ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ
ငါလိုချင်နေမှာက
ငါဟာ မီးတောက်ကလေးတစ်ပွင့်ဖြစ်ကြောင်းနဲ့
မီးတောက်တစ်ပွင့်လို လင်းပနွေးထွေးခဲ့ကြောင်း
ငါ့ကိုယ်ငါ သေချာနေဖို့ဖြစ်တယ်။
ကဗျာလေးကြိုက်လို့ စကြာဆီက ကူးထားပါတယ်
ဖယောင်းတိုင်လေးလောက် လင်းချင်နေတဲ့ ကြယ်ကလေးအတွက်ပေါ့။
ReplyDelete