ဒီနေ့တော့ ဦးထွန်းရွေရဲ့ မီးသတိပြုဆိုတဲ့
သီချင်းကို ရန်ကုန်တိုက်ခန်းထဲမှာ ဖယောင်းတိုင်လေး ထွန်းပြီး ရေးပါတယ်။
ကျမ ဒီသီချင်းကို ရေးတာက
ကိုလွင်လွင်ကျော်ကို ရွတ်ပြီး ရေးတာမဟုတ်ပါဘူး။
မီးပျက်နေလို့ ရေးတာလည်း မဟုတ်ပါဘူး။
နွေရာသီရောက်ခါနီးလို့
လောဘီလုပ်ပြီးရေးတာလည်း မဟုတ်ပါဘူး။
ဒါဆို ဘာလို့ရေးလဲလို့ မေးစရာရှိပါတယ်။
ဘာလို့ရေးလဲဆိုတော့ ရေးချင်လို့ကို
ရေးပါတယ်။
ဒီသီချင်းအကြောင်း ခံစားမှုရေးရမှာ
တော်တော်တော့ မလွယ်ဘူး။ ဒီသီချင်းလေးရဲ့ အဖွင့်မှာ မီးတွေလောင်နေတယ်လို့ ရေးရအောင်လည်း
မဟုတ်။
သီချင်းလေးကို မျက်စိမှိတ်ပြီး
ခံစားလိုက်ရင်တော့ ကိုယ်တိုင်ပဲ မီးလောင်တဲ့ အိမ်ထဲရောက်ရှိနေသလိုကို
ပူလောင်မှုကို ပေးနိုင်တဲ့ သီချင်းလေးပါပဲ လို့ ရေးရအောင်လည်းမဟုတ်။
အဆိုရှင်ရဲ့ အသံလေးကို နားထောင်လိုက်ရင်ပဲ
ကိုယ်တိုင် ထမင်းထုတ်စားနေရသလိုကို ခံစားလိုက်ရပါတယ်လို့ ရေးရအောင်လည်း မဟုတ်။
တော်တော်ကို ကိုးလို့ကန်လန့်နိုင်ပါတယ်။
ဘယ်လိုပဲပြောပြော ဒီသီချင်းက ကျမတို့ကို
တကယ်ပဲ မီးကို သတိနဲ့ အသုံးပြုဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ သီချင်းတစ်ပုဒ်လို့
ပြောရမှာပဲ။ ဘ၀တစ်လျှောက်လုံး ဒီလိုသီချင်းမျိုး ထပ်နားထောင်ရဖို့
မဖြစ်နိုင်ဘူးလို့ ပြောရင်တောင် ရနိုင်ပါတယ်။
မြန်မာသံစဉ်စစ်စစ် သီချင်းတစ်ပုဒ်။
ဘယ်လို တူရိယာတွေသုံးထားလဲတော့ မသိပါ။
ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ
မညှာမတာ ဘယ်သူမှ မထောက်သာ
သူခိုး ဓါးပြတဲ့ ဆိုးတဲ့ ရန်သူဟာ ဒီဇမ္ဗူ
တစ်ခွင်မှာ ရန်သူမီးကို အစဉ်ပဲ သတိပြုပါ။
ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ
မညှာမတာ ဘယ်သူမှ မထောက်သာ
သူခိုး ဓါးပြတဲ့ ဆိုးတဲ့ ရန်သူဟာ ဒီဇမ္ဗူ
တစ်ခွင်မှာ ရန်သူမီးကို အစဉ်ပဲ သတိပြုပါ။
ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုး
သမီးဆိုးဆိုတဲ့ ရန်သူငါးပါးထဲမှာ ကုန်းကောက်စရာ မရှိအောင် ဒုက္ခပေးနိုင်တာက
မီးဘေးဆိုတာ လူတိုင်းသိပါတယ်။ အဖြူအမဲ မခွဲခြား၊ လူမျိုးဘာသာ မခွဲခြား၊
ဆင်းရဲချမ်းသာ မခွဲခြားပဲ လူတွေကို သူဌေးဘ၀ကနေ ထမင်းထုတ်စား၊ ဘုန်းကြီးကျောင်းမှာ
အိပ်ရတဲ့ ဘ၀ကို နာရီပိုင်းအတွင်း ရောက်သွားအောင် ဖန်တီးနိုင်တဲ့ ရန်သူတစ်မျိုးပါ။
သူခိုးခိုးခံရရင် ဓါးပြတိုက်ခံရရင် အကြွင်းအကျန်လေးတော့ ကျန်ရစ်အုံးမယ်။
မီးနဲ့တွေ့ရင်တော့ အကုန်ပြာပဲ ကျန်မယ်မှတ်။
မြေကျန်ပါတယ်မပြောနဲ့
အတွေ့အကြုံရှိတဲ့သူတွေ မေးကြည့် သိပ်မလွယ်ဘူး။ Shopping center ဖြစ်ရင်ဖြစ်။
နဂိုအတိုင်းမဟုတ်ပဲ အကွက်ရိုက်ခံရရင် ခံရဖြစ်နိုင်တယ်။ ၀င်းနဲ့ ခြံနဲ့ နေရာကနေ
ကန်တရိုက်တိုက်ပေါ်ရောက်ချင်ရောက် သွားနိုင်တယ်။
ဝမ်းနည်းစရာကောင်းလောက်အောင် တွေ့မြင်ရတာ
အိုးအိမ်အခြေမဲ့ အနေမဲ့အောင်သာ မီး
မရိုသေသူတစ်ဦးကြောင့် ကုန်ဆုံးခဲ့တဲ့ အိမ်ပေါင်းများစွာ
အို အသပြာ ကဋေကဋာ နှစ်စဉ်အမြဲပါ
အဲဒီမီးကိုတော့ ရှောင်ကွင်းဖို့ရာ
ကြိုတင်ကာ ကြိုတင်ကာ ထာဝစဉ်သတိထားပါ
အရင်ကတော့ နွေရာသီမှ မီးကို
ကြောက်ရသလိုလိုနဲ့ အခုတော့ မိုးကုန်ပြီး ခြောက်သွေ့လာပြီဆိုတာနဲ့
မီးကစကြောက်ဖို့ကောင်းနေပြီ။ ဆောင်းတွင်းကလည်း ခြောက်သွေ့လာပြီကို တစ်ချို့
တစ်ချို့နေရာတွေမှာ ဆောင်းတွင်းဆိုတာ ပျောက်ဆုံးသွားပြီ။
ဒီသီချင်းကို ငယ်ငယ်က တီဗီမှာလာတာ
ကြားဖူးကြည့်ဖူးတယ်။ အဲဒီကတည်းက တီဗီထဲက မီးတွေကိုကြည့်ပြီး အရမ်းကြောက်တတ်ခဲ့တယ်။
အဲဒီသီချင်းကြားပြီးတဲ့ ညတွေဆို ညအိပ်ခါနီးတိုင်း ကစားစရာအရုပ်လေးတွေကို
တစ်ခုမကျန် ကစားစရာပုံးထဲ သေချာလိုက်သိမ်းတယ်။ ညအိပ်နေတုန်း မီးလောင်ရင်
အဲဒီအရုပ်တွေ လိုက်သိမ်းဖို့ အချိန်မရလိုက်ပဲ မီးထဲမှာ ထားခဲ့ရမှာစိုးရိမ်လို့။
မန်းလေးမှာ ကျောင်းတတ်တုန်းက တောင်ပေါ်သူ
အမတစ်ယောက်ကတော့ မီး… မီး… မီးဆိုတဲ့အချိန် ထည့်မိထည့်ရတွေထည့်ပြီး ပြေးတာ။
မီးငြိမ်းလို့ ပြန်လာတော့ သူ့အိတ်ထဲက ထွက်လာတာက နှုတ်ခမ်းနီဘူးကုန်ခါနီး၊
ဖိနပ်အစုတ်တစ်ရန်နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတဲ့။
မီးလောင်တဲ့နားရှိပြီး ကိုယ့်အိမ်လေး
ကိုယ့်နေရာလေး ကံကောင်းလို့ မပါသွားရင်တော့ လူတိုင်းစိတ်သက်သာရာရမိမှာပဲ။ ဒါပေမယ့်
အဲဒီလို မီးဘေးမသင့်ပဲတောင်မှ အဆောင်လာနေတဲ့ နှလုံးရောဂါသည်၊ ကိုယ်ဝန်သည်
အမတစ်ယောက် အသက်မဆုံးရှုံးသင့်ပဲ နှလုံးဖောက်ပြီး ဆုံးသွားတာလည်း ရှိဖူးတယ်။
အခန်းဖော်အပြင်သွားတာကို သူအိပ်မှာမို့ အပြင်ကနေ သော့ခတ်ခဲ့ပါလို့
သူကိုယ်တိုင်ပြောခဲ့တာ၊ အဲဒီအချိန်မီးလောင်တော့ သူမှာဆောက်တည်ရာမရပဲ
အသက်ဆုံးရှုံးရရှာတယ်။
မီးဘေးရှောင်ဖို့ မလောင်ခင်တားကြပါ
ရန်သူထိုမီးကို
အကြွင်းအကျန်ထားရင်မှားကြလိမ့်မည်
အမှိုက်ကစ
လောင်တတ်တာမို့အိမ်တွင်းအိမ်အပြင် သန့်ရှင်းစေချင်တာ
လူတိုင်းလူတိုင်းမီးသတိပြုပါဗျာ
မီးဘေးရှောင်ဖို့ မလောင်ခင်တားကြပါ
ရန်သူထိုမီးကို
အကြွင်းအကျန်ထားရင်မှားကြလိမ့်မည်
အမှိုက်ကစ လောင်တတ်တာမို့အိမ်တွင်းအိမ်အပြင်
သန့်ရှင်းစေချင်တာ လူတိုင်းလူတိုင်းမီးသတိပြုပါဗျာ