အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Saturday, January 31, 2015

ကျမချစ်သော ချင်းပြည်နယ်



လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်လေးက ကျမ ဒီအေးချမ်းတဲ့ ချင်းပြည် စရောက်ခဲ့တယ်။ ကျမရောက်ခဲ့တဲ့မြို့က မင်းတပ်လို့ ခေါ်တဲ့ ချင်းမြို့ကလေး။ အဲဒီမြို့လေးကို ဆိုယ်ကယ်နဲ့ တတ်လာခဲ့တာ ညမအိပ်ပဲ အညာကို ပြန်ဆင်းသွားခဲ့တယ်။ 

အဲဒီ နေ့က Sunday

အဲဒီနေ့က မိုးတိမ်တွေ ကောင်းကင်ယံမှာ ၀ဲနေတယ်။ 

တစ်ရွေ့ရွေ့ ကျမတို့ တောင်ပေါ်ရောက်လာတာနဲ့ အမျှ တိမ်တိုက်တွေက ကျမတို့အောက်ကို ရောက်သွားခဲ့တယ်။ မြို့လေးရဲ့ တည်ဆောက်ပုံ၊ အိမ်ပုံစံ၊ ပေါက်နေတဲ့ အပင်လေးတွေဟာ ကျမ ငယ်ငယ်က နေခဲ့တဲ့ ကျမရဲ့ ချစ်စရာ တောင်ကြီးမြို့နဲ့ ခပ်ဆင်ဆင်တူတာကြောင့် ချင်းပြည်နယ်ကို ကျမ ချက်ခြင်းချစ်သွားခဲ့တယ်။ 

ငယ်ငယ်တုန်းက ဒီပြည်နယ်တွေကိုရောက်ဖို့ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး။ ရန်ကုန်ကိုတောင် ကျမတို့ မြို့နေ တော်တော်ဝေးသား။ တောင် အထပ်ထပ်ကို လမ်းဆိုးဆိုးကို ကားစီးရတာ.. ကားတွေမူး ပေါ့။ ရန်ကုန်သွားရင်တောင် ကျမအတွက် ငရဲကျသလိုပါပဲ။ တစ်နေ့နဲ့ တစ်ညလောက် စီးရတဲ့ ခရီးကို တောင်ကြီးက ထွက်ပြီး ၂ နာရီ ၃ နာရီလောက်ဆိုရင် ဖေဖေ ရန်ကုန်ရောက်ပြီလားဟင်လို့ မေးတတ်တဲ့ ကျမ။ 

ကျမမြို့ကနေ တော်တော်ဝေးတဲ့ ဒီချင်းပြည်နယ်ကို လာဖို့ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ စိတ်ကူးတစ်ခုပေါ့။ ပထ၀ီသင်တဲ့အချိန်မှာ ဒီပြည်နယ်အကြောင်း ကျမ အော်ကျက်ခဲ့ဖူးမှာပါ။ ဒါပေမယ့် နတ်မတောင်၊ ၀ိတိုရိယတောင်ဆိုတာတော့ ခေါင်းထဲမှာ ကျန်ခဲ့ပေမယ့် အဲဒီတောင်တွေ ဘယ်နားရှိလဲ ကျမ တကယ်မသိခဲ့ဘူး။ မှတ်လည်းမထားခဲ့ဘူး။ ကျမက စာတော်တဲ့ထဲမပါပါဘူး။ ကျောင်းစာကို စိတ်ဝင်စားတဲ့ ကျောင်းသူတစ်ယောက်လည်း မဟုတ်ခဲ့ဘူးထင်တယ်။ 

ငယ်က ကားစီးရင် ကားမူး အန်ခဲ့ပေမယ့် တစ်ဖြည်းဖြည်းကြီးလာတဲ့အချိန် ကျမ သိပ်မမူးတတ်တော့ဘူး။ ဒါပေမယ့် ခရီးထွက်ရတဲ့အရသာကို မှတ်မှတ်ရရ (၇) တန်း အထိ ကျမ မကြိုက်ဘူး။ မုန်းလည်း မုန်းတယ်။ တောင်ကြီးမှာ ရာသီဥတု သာသာယာယာ အေးအေးချမ်းချမ်းနဲ့ သန့်သန့်ရှင်းရှင်းလေးနေရတဲ့ အရသာကိုပဲ ကျမကြိုက်တယ်။ စာအုပ်တွေဖတ်၊ သီချင်းလေးနားထောင်ပြီး အိမ်ထဲမှာပဲ နေချင်တယ်။ (၇)တန်းလောက်မှာ တစ်မိသားစုလုံး ငပလီ၊ ချောင်းသာ၊ ကမ်းသာယာတွေ ကားမောင်းပြီးသွားကြတယ်။ ကျမ အဲဒီခရီးမှာ နည်းနည်းလေးမှ ပျော်ခဲ့တယ်လို့ မထင်ဘူး၊ အမှတ်ရလိုက်တိုင်း စိတ်ညစ်စရာတွေပဲ မှတ်မိတယ်။ နေပူတာတွေ၊ ဖုန်ထူတာတွေ၊ ခြေထောက်မှာ သဲတွေပေတာတွေ ကျမသိပ်မုန်းခဲ့တယ်။ ကားပေါ်မှာ လူတွေတစ်ပြုံတစ်ခေါင်းကြီး ကျပ်ညပ်ပြီးထိုင်ရတာလည်း မုန်းတယ်။ ခရီးနဲ့ ပတ်သက်ပြီး ကျမ အမှတ်ရနေတာတွေပေါ့။ 

သေချာတာကတော့ ခရီးသွားရတာဟာ အိမ်မှာနေရသလို ဇိမ်မကျတာ အမှန်ပဲ။ 

နောက်တစ်ခုက မေမေက စိတ်ပူပြီး ဟိုဟာမလုပ်နဲ့ ဒီဟာမစားနဲ့ ပြော၊ ကျမက စိတ်ကျဉ်းကျပ်၊ စိတ်ကောက်၊ မေမေက စိတ်ဆိုး၊ အော်ချင်အော်မယ်၊ ဆူချင်ဆူမယ် ဆိုတာတွေဖြစ်နေတော့ ကျမ ခရီးသွားတိုင်း စိတ်ညစ်နေတာပဲ။ 

ဒီလိုနဲ့ (၈)တန်းနှစ် နွေရာသီမှာ ကျမ အမတွေရဲ့ အဆက်အသွယ်ကြောင့် ရှမ်းပြည် မြောက်ပိုင်းမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး (၁၀)နှစ်ပြည့်အခန်းအနားမှာ ယဉ်ကျေးမှုအကအဖွဲ့နဲ့ ကျမလိုက်သွားဖို့ဖြစ်လာခဲ့တယ်။ စာရင်းသာပေးလိုက်ရတယ် ကျမ အကဆိုတာ ဘာမှန်းမသိပါဘူး။ ယဉ်ကျေးမှုအသင်းကလည်း ကြိုးစားပြီးသင်ပေးရှာပါတယ်။ ဒါပေမယ့် ဘာသာရပ်တော်တော်များများမှာ ညံ့တဲ့ကျမ အဲဒီအပိုင်းမှာလည်း တော်တော်ညံ့ပါတယ်။ ဒါပေမယ့် ကျမကို ဒီခရီးကို မခေါ်တော့ဘူးလို့တော့ အသင်းက မဆုံးဖြတ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ကျမ ဒီနေ့ ဒီရက်အထိ မသိခဲ့ဘူး။ ဒီလိုနဲ့ ကျမတို့ တောင်ကြီးရှမ်းယဉ်ကျေးမှုအသင်း၊ ပအိုပ့်ယဉ်ကျေးမှုအသင်းနဲ့ ကိုးကန့်ယဉ်ကျေးမှုအသင်းတို့ဟာ ရှမ်းပြည်မြောက်ပိုင်း ချင်းရွေဟော်မြို့ကို သွားခဲ့ကြတယ်။ ခရီးဟာ ရက် ၂၀ ၀င်းကျင်လောက်ကြာတယ်။ မိသားစုမပါပဲ ပထမဆုံး သွားခဲ့ဖူးတဲ့ ခရီးတစ်ရှည်ကြီးပေါ့။ 

မန္တလေး၊ မေမြို့၊ လားရှိုး၊ လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွေဟော် နောက် တရုတ်ပြည်နယ်စပ်ထိကို ရောက်ခဲ့ကြတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တစ်ချို့လမ်းတွေဟာ တောင်ပိုင်းက လမ်းတွေထက် ကျယ်ပြန့်ပြီး တစ်ချို့လမ်းတွေကျတော့ တကယ့်ကို ကားတစ်စီးစာလောက်ပဲ ကျဉ်းတယ်။ တစ်ချို့တစ်ချို့တွေဆိုရင် ကားပေါ်က လမ်းဘေးကိုကြည့်လိုက်တာ ကြောက်ကြတာပေါ့။ 
အဲဒီခရီးတစ်လျှောက်မှာ လူတွေ အများကြီးကို ကျမတွေ့ခဲ့တယ်။ စရိုက်အစုံကို မြင်ဖူးခဲ့တယ်။ ဓလေ့ပေါင်းစုံကို တွေ့ခဲ့ရတယ်။ ကူညီတတ်တဲ့လူတွေ၊ မနာလိုတတ်တဲ့လူတွေ၊ အတင်းပြောတတ်တဲ့သူတွေ၊ ပျော်ပျော်နေတတ်တဲ့သူတွေ၊ မျက်နှာထားမာပေမယ့် ကျမဖျားတဲ့အချိန်ကျ ကူညီပေးတဲ့ ဂရုစိုက်ပေးတဲ့သူတွေ၊ (၈)တန်းကျောင်းသူလေးဆိုပြီး ချစ်တမ်းကစားဖို့ ကြိုးစားချင်တဲ့သူတစ်ယောက် (နောက် ကျမပြန်တွေ့လို့ ရီပြတော့ သူက ကျမကို မှတ်မိဘူးရှင့်)။ 

လူတွေရဲ့ စရိုက်တွေ အပြင် နေရာတစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ အကျင့်တွေကိုတွေ့ရတယ်။ ကျမအတွက် အဆင်မပြေဆုံးတစ်ခုကတော့ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ်၊ တရုတ်စရိုက်တွေ စိမ့်ဝင်နေတဲ့ ရှမ်းမြေရဲ့ အိမ်သာဓလေ့။ လူ့မစင်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ ပြန်အသုံးချတာကြောင့် သူတို့ရဲ့ ရေအိမ်တွေဟာ privacy နည်းနည်းလေးမှ မရှိဘူး။ Hygienic လုံးလုံးမဖြစ်ဘူး။ 

အဲဒီခရီးကပြန်လာပြီး နောက်ခရီးတစ်ခုက လွိုင်ကော်ကို ကျမ ဖိုးဖိုးဖွားဖွားနဲ့ တူတူသွားခဲ့တဲ့ ခရီး။ ဆယ်တန်းဖြေပြီးခါစလောက်ကပေါ့။ အဲဒီခရီးစဉ် ၂ ခုက ခရီးတွေကို ကျမထားတဲ့ သဘောထားကို စတင်ပြောင်းလဲခဲ့တယ်။ 

ဆယ်တန်းဖြေထားပြီးချိန်မှာ မြသန်းတင့်ရဲ့ လေလွင့်သူကို ဖတ်မိပြန်တော့ သူလို့ ရောက်ရာပေါက်ရာ ထွက်သွားချင်တဲ့စိတ်တွေ ကျမမသိစိတ်မှာ ကိန်းအောင်နေခဲ့ပုံပေါက်တယ်။ ကျမ အသည်းအသန်လိုချင်ခဲ့တဲ့ အရာတစ်ခုက လောင်းရိပ်အောက်က ထွက်နိုင်ဖို့။ ကျမ အိမ်မှာ မနေချင်ဘူး၊ ဖိုးဖိုးရဲ့ နာမည်၊ ဖွားဖွားရဲ့နာမည်၊ ဖေဖေရဲ့ နာမည်၊ မေမေ့ရဲ့နာမည်၊ အမတွေရဲ့ နာမည်နဲ့ ကျမကို စတင်မိတ်ဆက်ခံတာတွေကို ကျမ မကြိုက်ဘူး။ ဘယ်သူမြေး၊ ဘယ်သူ့ သမီး၊ ဘယ်သူညီမဆိုတာတွေကြောင့် ကျမဟာ ကျမကိုယ်ပိုင် ဖြစ်တည်မှုကို တည်ဆောက်ခွင့်မရခဲ့ဘူး။ 

ဆယ်တန်း အောင်စာရင်းထွက်လာတဲ့အချိန်မှာ ကျမ တောင်ကြီးကနေ ထွက်လာချင်တဲ့၊ အိမ်ကနေ ဘာပဲဖြစ်ဖြစ် ထွက်သွားလိုက်ဖို့ ဆိုတဲ့ အိမ်မက်နောက်ကို ကျမလိုက်ပစ်လိုက်တယ်။ ပထမဆုံး မန္တလေးမှာ နိုင်ငံခြားဘာသာ တက္ကသိုလ်သွားတတ်လိုက်တယ်။ အမြဲ အေးချမ်းတဲ့ ရာသီဥတုထဲမှာ လုံးချင်းအိမ်လေးနဲ့ နေခဲ့တဲ့ကျမ အဆောင်သူ အယောက် ၄၀ ၅၀ ၀င်းကျင်နဲ့ သုံးပေလောက်ကျယ်တဲ့ ကုတင်လေးတစ်လုံးပေါ်မှာ တစ်ယောက်တည်းဘ၀ကို စခဲ့တယ်။ ကျမဆီမှာ ကော်ဖီ၊ ခေါက်ဆွဲခြောက်တွေထည့်ထားတဲ့ သေတ္တာတစ်လုံး၊ အ၀တ်အစားထည့်တဲ့ သေတ္တာတစ်လုံးရှိတယ်။ စာအုပ်နည်းနည်းရှိတယ်။ ကျမရေးထားတဲ့ ကဗျာတွေရှိတဲ့ စာအုပ်နည်းနည်းရှိတယ်။ 

ပထမနှစ်ဝက်တတ်ပြီးတဲ့အချိန်မှာ ကျမမျက်လုံးတွေ စာဖတ်လို့မကောင်းတော့ဘူး။ မျက်ရည်ပူတွေကျလာတယ်။ အဲဒီအချိန်ကစလို့ မှန်မှန်တစ်လက်ဟာ ကျမရဲ့ အဖော်ဖြစ်လာခဲ့တယ်။ သူမရှိရင် ကျမဘယ်မှ သွားလို့မရတော့ဘူး။ 

အသက် ဆယ်ငါးနှစ် မန္တလေးမှာ ကျမဟာ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်တာလဲ မသိခဲ့ဘူး။ စာတွေဖတ်နေချင်တယ်။ လွတ်လွတ်လပ်လပ်လေးနေချင်တယ်။ စရိုက်တူတဲ့သူတွေနဲ့ ပေါင်းချင်တယ်။ ခက်တာတစ်ခုက ကျမဟာ အပေါင်းအသင်းကို ပေါင်းတတ်တဲ့သူမဟုတ်ခဲ့ဘူး။ နောက်တစ်ခုက မိန်းကလေးတွေနဲ့ ကျမ မပေါင်းတတ်ဘူး။ မန်းလေးမှာနေခဲ့တဲ့ တစ်လျှောက်မှာ ပေါင်းလို့ရတဲ့ မိန်းခလေး ၃ ယောက်ပဲရှိတယ်။ ၂ယောက်က ကျမထက် ၃ နှစ်လောက်ကြီးတဲ့ အမ၂ယောက်၊ တစ်ယောက်က ကျမနဲ့ အထက်တန်းတူတူတတ်ခဲ့တဲ့ သူငယ်ချင်း။ ဒီလိုနဲ့ ကျမ ယောကျာင်္းလေးတွေကိုလည်း ပေါင်းကြည့်ပေမယ့် တကယ်ကိုက်ညီတဲ့ သူငယ်ချင်း မတွေ့ခဲ့ဘူး။ မန်းလေးမှာ နေခဲ့တဲ့ တစ်နှစ်ဟာ ကျမလူတွေကို ပေါင်းကြည့်လိုက် ပြန်ကွာသွားလိုက်နဲ့ပဲ ပြီးသွားခဲ့တယ်။ ရင်ခုန်ဇာတ်လမ်းလေးတွေရှိပေမယ့် အဲဒါတွေက တကယ့်ကို ဇာတ်လမ်း အစလေးပျိုးလိုက် ကျမက ပြေးလိုက်၊ သူတို့က ပြေးလိုက်နဲ့ ပြီးသွားတာတွေချည်းပါပဲ။ ရင်ပဲခုန်ချင်တာလေ ရည်းစားလိုချင်တာမဟုတ်ဘူး။ 

မန်းလေးမှာ ကျောင်းတတ်နေရင်း ကျမ အိမ်ကို ခနခနပြန်ပါတယ်။ ကားစီးရတာကို အသားကျလာတယ်။ ကားမမူးတတ်တော့ဘူး။ ပထမနှစ်ပြီးတဲ့အချိန်မှာ ကျမစတွေးတာက ဒီအတိုင်း မန်းလေးမှာ ဆက်နေရင် ကျမ စာလည်းဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာဖို့မလွယ်ပါဘူး။ ကလေရိုက်နေတာတာ များများကို။ စာသမားလိုလိုဘာလိုလိုနဲ့ ခံစားချက်သမားလိုလို ဘာလိုလိုနဲ့ပေါ့လေ။ 

ဒါနဲ့ ကျမ ရန်ကုန်ကျောင်းကို ပြောင်းတတ်တယ်။ စာဆိုတာကို တကယ့်ကို နဖူးတွေ့ ဒူးတွေ့ပါပဲ။ အပြိုင်အဆိုင်ကြိုးစား၇တယ်။ အဲဒီမှာ ကျမ တကယ်ကို ဂိုက်ဖြစ်ချင်နေပြီ၊ စာကို အသည်းအသန်လုပ်တယ်၊ တိုးတတ်ဖို့ လမ်းကြောင်းကို အသည်းအသန်ရှာတယ်။ ပတ်ဝင်းကျင်က လူတွေကလည်း ကိုယ့်အိမ်မက်ဆီကို ပြေးနေတဲ့ လူငယ်တွေချည်းပဲ။ 

ဒီလိုနဲ့ ကျမ ဂိုက်ဖြစ်ချင်တဲ့အိမ်မက်၊ မြန်မာပြည်အနံ့ကို ခရီးဆန့်ချင်တဲ့ အိမ်မက်၊ ကျမအတွေ့အကြုံတွေ စာတွေပြန်ရေးချင်တဲ့ အိမ်မက်၊ ခရီးထွက်ပြီး ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံရိုက်ချင်တဲ့ အိမ်မက်တွေဟာ တစ်ဖြည်းဖြည်း ကျမကို ဆွဲဆောင်လာခဲ့တယ်။ အဲဒီအချိန်မှာ ချင်းပြည်ဆိုတဲ့နေရာဟာ ကျမ အိမ်မက်ထဲ တစ်ခါပြန်ဝင်လာပြန်တယ်။ တစ်ချို့နိုင်ငံခြားသားတွေဟာ ချင်းပြည်နယ်ကို ပရဲထိုးထားတဲ့ မိန်းမတွေကို ကြည့်ဖို့၊ ငှက်ကြည့်ဖို့၊ နားပေါက်အကျယ်ကြီးနဲ့ အမျိုးသမီးတွေကိုကြည့်ဖို့၊ ၀ိတိုရိယတောင်ကို တတ်ဖို့ သွားကြတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ကို နိုင်ငံခြားသားဝင်ဖို့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ယူနေရတုန်းပေါ့။ 

အဲဒီရက်တွေထဲမှာ ကျမပတ်သက်မိတဲ့ လူတစ်ယောက်ဟာ ချင်းပြည်နယ်၊ ကော့သောင်း စတဲ့ သွားလာရ ခက်ခဲတဲ့ နေရာတွေကို လာတဲ့ နိုင်ငံခြားသားတွေကို တာဝန်ယူပို့ပေးနဲ့တဲ့ ခရီးသွားလုပ်ငန်းတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်နေခဲ့တယ်။ သူက အဲဒီနေရာတွေကို ကိုယ်တိုင်လည်း တစ်ခါတစ်ရံလိုက်သွားလေ့ရှိတယ်။ သူ ချင်းပြည်ကို သွားတော့မယ်ဆိုတိုင်း ကျမခံစားရတာက ခရီးကြမ်းရှည်ကြီးကို သွားလိုက်သလိုပဲ။ လိုက်သွားဖို့ဆိုတာလည်း ဖြစ်နိုင်တဲ့အခြေအနေမဟုတ်ဘူးပေါ့။ သူကျမဘေးမှာမရှိတော့တဲ့အချိန်ကျမှာ ကျမရဲ့ ချင်းပြည်အိမ်မက်ဟာလည်း သူနဲ့တူတူ မှေးမှိန်သွားပြန်တယ်။ 

ဒီလိုနဲ့ အဲဒီအချိန်တွေကြားထဲမှာ ကျမဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ပြည်နယ်တွေမှာ လှည့်လည် အလုပ်လုပ်နေတာပေါ့။ ၂၀၁၂ ဇွန်လမှာတော့ ကျမ ပထမဆုံးချင်းပြည်နယ်ကို ခြေချခဲ့ရတယ်။ အဲဒီအချိန်ထိ ချင်းပြည်နယ်အတွက် ကျမ အလုပ်လုပ်ပေးရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ဒီပြည်နယ်လေးဟာ ကျမလာခဲ့တဲ့ ရှမ်းပြည်နဲ့ အနည်းငယ်ဆင်တာကြောင့် ဒီဒေသလေးကို သံယောဇဉ်ဖြစ်မိခဲ့တယ်။ 

၂၀၁၃ ဒီဇင်ဘာလမှာတော့ ကျမ အခုရောက်နေတဲ့ ကန်ပက်လက်ကို ပထမဆုံးရောက်ခဲ့တယ်။ ရောက်တဲ့နေ့မှာပဲ ကျမတို့ ၀ိတိုရိယတောင်ထိပ်ကို ရောက်ခဲ့တယ်။ အဲဒီတောင်ထိပ်ကို ဒီပြည်နယ်အတွက် အလုပ်လုပ်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကျမ ၂ ကြိမ်ပဲရောက်ခဲ့တယ်။ တောင်ဇလပ်ကို တွေ့ဖူးခဲ့တယ်။ 

၂၀၁၃ ဒီဇင်ဘာလကနေ ၂၀၁၄ စက်တင်ဘာလအတွင်း ဒီမြို့ကို ကျမ တလကို တစ်ကြိမ်ရောက်ခဲ့တယ်။ အခု ၂၀၁၅ ဇန်န၀ါရီလ။ ဒီတစ်ကြိမ်ဟာ ချင်းပြည်နယ်ကို ကျမလာရတဲ့ နောက်ဆုံး ခရီးစဉ်ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်တစ်ခါ ဘယ်တော့ ပြန်လာရမယ်ဆိုတာ ကျမ သေချာမပြောနိုင်တော့ဘူး။ 

ဒီပြည်နယ်လေးဟာ ကျမတို့ နိုင်ငံထဲမှာ လူတွေ မေ့နေတဲ့ နေရာလေး။ 

ဒီမြို့မှာ …. 

လျှပ်စစ်မီး တစ်ရက်မှာ ၂ နာရီလောက်ပဲရတယ်။ 

အင်တာနက်မရှိဘူး။ 

CDMA 450 network ကလွဲလို့ တစ်ခြား network မရှိဘူး။ 

အဆင့်မှီတဲ့ ဟိုတယ်တစ်လုံးဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စဖွင့်တယ်။ 

နေထိုင်သူတွေဟာ ဗုဒ္ဒဘာသာတစ်ဝက်နဲ့ ခရစ်ယာန်တစ်ဝက်လောက်ရှိတယ်။ 

တိုက်အိမ်ရှားတယ်။ ခြေတံရှည် ပျဉ်ထောင်အိမ်ပေါတယ်။ 

ရိုးသားမှုပေါတယ်။ 

အရက်သမားပေါတယ်။ (ဒါပဲလုပ်စရာရှိတာကို) 

ပိုက်ဆံရှားတယ်။ 

အလုပ်အကိုင်ရှားတယ်။ 

ဘာမှမရှိဘူးလို့ နာမည်ကြီးတယ်။ ဒါပေမယ့် ပါးရဲထိုးထားတဲ့ မိန်းမတွေကို နေရာအနံ့မှာတွေ့ရတယ်။ 

 တိတ်ဆိတ်ငြိမ်သက်တယ်။

သီချင်းသံတွေရှိတယ်။

ရာသီဥတု အေးချမ်းသလို လူတွေလည်း အေးချမ်းတယ်။

အတ္တမာန၊ ဒေါသလောဘရှားတယ်။

ညအချိန်ဆို ကောင်းကင်မှာ ကြယ်တွေရှိတယ်။

အဲဒီ ကြယ်တွေကို ကြည့်ဖို့လည်း အချိန်ရှိတယ်။

ဒီနေရာကိုလာဖို့ ကျမနေတဲ့နေရာကနေ ၇နာရီ ကားစီးရတယ်။

တစ်ခါတစ်လေ မိုးကျနေတဲ့အချိန် လမ်းပိတ်နေတဲ့အချိန် သဲချောင်းတွေ ရေကျော်နေတဲ့အချိန်တွေမှာ အဲဒီထက်မကကြာတယ်။

ကျမ မနက်ဖြန်မနက် ဒီမြို့လေးက ပြန်မယ်။ ဘယ်တော့ပြန်ရောက်မယ်လို့ ကျမ မသိဘူး။ သေချာတာတော့ ဒီမြို့လေးမှာ ကျမ လွမ်းစရာအရာတွေ အများကြီးကျန်ခဲ့တယ်ဆိုတာပါပဲ။

ဒီနေရာလေးကို အလုပ်နဲ့မဟုတ်ပဲ အပန်းဖြေဖို့နဲ့ ဓါတ်ပုံရိုက်ဖို့သက်သက်၊ ကင်မရာတစ်လုံးလွယ်ပြီး တစ်ရက်ရက်မှာ ကျမပြန်လာချင်သေးတယ်။ ကျမတစ်ယောက်တည်းဖြစ်ချင်ဖြစ်မယ်။ အဖော်ပါချင်လည်း ပါမယ်ပေါ့။


ဘ၀ဆိုတာ ကြိုရေးထားတဲ့
စာအုပ်တစ်အုပ်လို့ 
ဘယ်လောက်ပဲ ပြောပြော 
အနာဂါတ်ကို 
ဘယ်သူမှ ကြိုတင်မသိနိုင်ပါဘူး။

၃၀ ရက်၊ ဇန်န၀ါရီလ ၂၀၁၅။
ကန်ပက်လက်မြို့။ 
ည ၁၀း၀၀ နာရီ 

No comments:

Post a Comment