အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Wednesday, February 15, 2012

ပျက်ပြယ်သွားသော ချိန်းဆိုမှုများ

·         ဆေးလိပ်ငွေ့
·         ဘီစကစ်
·         ကော်ဖီခွက်
·         စကားပြောနေတုန်း လိုင်းကျကျသွားတဲ့ မိုဘိုင်ဖုန်း

လူသားဆန်အောင် ဘယ်လိုနေရမလဲ လို့ စဉ်းစားနေချိန်လေး The lost room ထဲက မတွေ့ရတာ ကြာတဲ့ ကုလားလေး ရုတ်တရက် အခန်းဝကနေ နေကောင်းလားတဲ့ လာမေးသည်။ ငါစိတ်ညစ်နေလို့ နောက်နေ့မှ တီးသွားဆွဲမယ် ဒီနေ့တော့ မလိုက်တော့ဘူးလို့ ပြောဖို့ပြင်နေဆဲ ရထားလက်မှတ်နဲ့ နဖူးကိုလာရိုက်လိုက်တာ ပန်းဆိုးတန်းမှာ သွားကျသည်။ ဟာ .. ဒီတစ်ခါ နေရာပြောင်းသွားပါလား။ ဒီကောင် ရထားလက်မှတ် နောက်တစ်ခုရထားလား။ ဒါမှမဟုတ် ပါဝါများ တိုးသွားလားတွေးနေတုန်း ဖိုးစည်က “(က)ငါသည် လူသားတစ်ဦးအဖြစ်မွေးဖွားလာခဲ့သည်။ ငါ့၌ ထူးခြားသော ဆင်ခြင်တုံတရားကို ဖြစ်စေသည့်အသိဉာဏ်နှင့် ခံစားတတ်သော နှလုံးသားတို့ ပါလာကြသည်။ ငါ့နှလုံးသားစေရာကို ဆင်ခြင်တုံတရားအားဖြင့်လည်းကောင်း ဆင်ခြင်တုံတရားကင်းမဲ့လျက်လည်ကောင်း ငါ လိုက်ပါမည်။ ထို့အတွက် ငါတာဝန်ယူ၏။ ငါပြုသမျှအတွက် ငါ့၌ တာဝန်ရှိကြောင်းငါသိပါသည်။

(ခ) ငါသည် လူသားတစ်ဦးအဖြစ်မွေးဖွားလာခဲ့သည်။ ငါ့ မိဘ၊ မောင်နှမများ၊ ဆွေမျိုးများနှင့် ငါ့ပတ်ဝန်းကျင်တို့က ငါ မည်သို့ ရှင်သန်နေထိုင်သင့်ကြောင်း သင်ကြားပြသပေးသည်။ အချို့ကို ငါနှစ်သက်ကျေနပ်စွာဖြင့် လုပ်နိုင်ခဲ့သည်။ အချို့ကိုမူကားငါ မနှစ်မြို့စွာဖြင့် ပြုလုပ်ခဲ့ရသည်။ အချို့ကို နှစ်သက်ကျေနပ်စွာ ငါစွန့်လွှတ်ပေးခဲ့ပြီး အချို့ကို ငါ ကြေကွဲစွာဖြင့်ပင် စွန့်လွှတ်ပေးခဲ့ရသည်။ ငါသည် လူ့လောက၌ နေစဉ်တစ်လျှောက် လူ့ကျင့်ဝတ်တို့ကို လိုက်နာသရွေ့ ငါပြုသမျှသည် မှန်ကန်ပြီး အကျိးဆက်ကိုလဲ အားလုံးက လက်ခံပေးကြသည်။ ထို့အတွက်ကြောင့်ပင် ငါ လူကောင်းတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုခံရပါသည်။” …ဆိုပြီး ခဏခဏဖတ်လို့ အလွတ်ရနေတဲ့ သူ့စာသားကို လာရွတ်ပြသည်။
သြော် မတွေ့တာကြာပြီ။ နေကောင်းနေလား။ စာတွေ ဆက်မရေးတာ ဘာလို့လဲ။ မေးခွန်းတွေကို မဖြေပဲ မီးပွိုင့်ကိုကြည့်ပြီး ကားလမ်းကူးသွားသည်။ မျဉ်းကြားကကူးလို့ ပြောနေတုန်းလေး ယာဉ်ထိန်းရဲက ခေါ်သွားသည်။ စကားပြောလို့ မရတော့မယ့်တူတူ စာအုပ်ဟောင်းဆိုင်တွေ ဝင်မွှေတာကောင်းပါတယ် လို့တွေးမိပြီး လမ်းကြားလေးထဲက ဝယ်နေကျဆိုင်လေးကိုသွားတော့ အဟောင်းဆိုင်မဟုတ်ပဲ အကောင်းဆိုင်ဖြစ်နေလို့ ပြန်လှည့်လာခဲ့သည်။ မထူးပါဘူးလေဆိုပြီး ကြုံတဲ့ဆိုင်တစ်ဆိုင်ကို ဝင်တော့ ဆရာမ ကဗျာအသစ်ပါလား။ ဘလော့ပေါ်မတင်ရသေးတဲ့ ကဗျာဆိုရင် ပေးပါလား။ ဆိုပြီး လူတစ်ယောက် ဘေးနားလာရပ်သည်။
ဖွံ့ဖြိုးရေး လုပ်သားကနေ ငါဘယ်လိုများ ကဗျာဆရာဖြစ်သွားပါလိမ့်။ ကုလားလေးလက်မှတ်က ဘဝပါ ပြောင်းပေးလိုက်တာများလား။ ဒါနဲ့ ကိုယ်ကိုယ်ကိုယ် ပြန်ကြည့်တော့ မျက်မှန်က နဂိုထပ်ပိုထူနေသည်။ ဖိနပ်က စီးနေကျ All Star မဟုတ်ပဲ အောကတ္တီပါဖြစ်နေသည်။ အမြီးတောင် ပျက်ခါနီးနေပြီ။ ဝတ်ထားတဲ့ ရှပ်အင်္ကျီက ကြယ်သီးအရောင်စုံနဲ့ လည်ပင်းက စုတ်နေပြီ။ အရင်ကတော့ အဖြူရောင်ထင်ရဲ့ အခုတော့ ဝါကျင့်ကျင့်ဖြစ်နေပြီ။ ထမီက အနားတွေဖွာလန်ကျဲလို့။ ဖြစ်မှာပေါ့ ကိုယ်က ထမီဝတ်ရင် တံမြက်စည်းလှဲသလို ဝတ်တတ်လို့ သိန်းနိုင်ကတောင် ကျောင်းတတ်တုန်းက ဒီနားသိပ်မပြောင်သေးဘူး။ ဒီနားလေးမှာ လမ်းလာလျှောက်ပါအုံးလားလို့ စတတ်တာ သတိရသွားသည်။
သူငယ်ချင်းဟောင်းတွေနဲ့ မဆုံတာကြာပြီ။ ရန်ကုန်ကို လေယာဉ်လက်မှတ်ဖိုး မြန်မာငွေ ရှစ်သောင်းမကုန်ပဲ ရောက်တုန်းလေး ထိုင်နေကြ Blazon J-donut မှာ ဆုံအုံးမှလေဆိုပြီး စာမူတွေထည့်ထားတဲ့ စစ်တွေ မေယုဈေးက ဝယ်လာတဲ့ ၁၅၀၀ တန် လွယ်အိပ်စုတ်လေးထဲ ဖုန်းများပါလားဆိုပြီး လှန်လှောရှာလိုက်သည်။ သြော် ခေတ်ကာလများ တော်တော်တိုးတတ်နေပြီ။ ကဗျာဆရာလွယ်အိပ်ထဲက ထွက်လာတာက i-phone 400s … Oh My God! ငါသိတာ 4S ပါ။ ခေတ်အပြောင်းအလဲမှာ ငါးထောင်တန်ဖုန်းတွေများ ပေါ်လာပြီးလား။
အတွေးများနေတာ သိန်းနိုင်ကို ဖုန်းခေါ်ဖို့ မေ့သွားသည်။  ဘယ်ခုနှစ်မှာများ ငါရောက်နေပါလိမ့်။ ဖုန်းက ပြက္ခဒိန်ကို ကြည့်တော့ ၂၀၂၀။ ၂၀၂၀ မှာ လူတွေ မြန်မာစကားပြောပြီး ပုဆိုးဝတ်ကြသေးသည်။ ပတ်စပို့ရုံးမှာ လူတွေ ကြိတ်ကြိတ်တိုး မစည်ကားတော့ပေ။ စာအုပ်အဟောင်းဆိုင်တွေ နည်းလာပြီး စာအုပ်ဝယ်လို့လျှင် amazon.com မှာ ဝယ်လို့ရသည်။ ကဗျာဆရာကတော့ All Star မစီးနိုင်တော့။ ဘယ်ကဗျာဆရာက all star စီးလဲမသိ။ ဖွံဖြိုးရေးလုပ်သားကတော့ All Star စီးခဲ့သည်။
သူငယ်ချင်းဆိုတာမျိုးက တော်တော်စိတ်ချင်း နီးစပ်ပုံရသည်။ ဖုန်းခေါ်ရန်မေ့သွားသော သိန်းနိုင်ဆီက ဖုန်းဝင်လာသည်။ နင်ဒီညနေ အချိန်ရလားလို့ မေးတော့ နင်ရန်ကုန်ရောက်နေလား လို့ပြန်မေးသည်။ ငါအခု ပန်းဆိုးတန်းမှာလို့ ဖြေလိုက်သည်။ ဖုန်းပြောပြီးတော့ ညနေ J-donut မှာ ကော်ဖီသောက်ပြီး MI-13 ကြည့်ဖို့ သဘောတူလိုက်သည်။ လူသားဆန်အောင် ဘယ်လိုနေရလဲလို့ မေးလိုက်တော့ နင်စိတ်ချမ်းသာဖို့ အရေးကြီးတယ်လို့ ဖြေသွားသည်။
အလောတကြီးနဲ့ လူတစ်ယောက် ကိုယ့်ကို ဝင်တိုက်သည်။ ဘယ်သူများလဲလို့ ကြည်လိုက်တော့ ပထမဆုံး နာဗားနား တီးဝိုင်းမှ တေးရေး၊ တေးဆို နှင့် ဂစ်တာအတီးသမား ကာ့တ် ကိုဘိန်း ဖြစ်နေသည်။ သူနဲ့ ကိုယ်မရင်းနှီးပေမယ့် ဖိုးစည်နဲ့တော့ တော်တော်ရင်းနှီးကြသည်။ အခုပဲ ဖိုးစည်ကို ယာဉ်ထိန်းရဲ ဖမ်းသွားတယ်ပြောပြတော့ It’s better to be hated for what you are than to be loved for what you are not. ဆိုပြီး ဂစ်တာလွယ်ပြီး လမ်းဖြတ်ကူးသွားသည်။ မျဉ်းကျားက ကူးဖို့ သတိပေးတုန်း ယာဉ်ထိန်းရဲက ဖမ်းသွားပြန်သည်။ ၂၀၂၀ မှာ ယာဉ်ထိန်းရဲက ယာဉ်မထိန်းပဲ လူထိန်းသည်။ ဒါနဲ့ ၂၀၂၀ မှာ လူကုန်ကူးမှုတွေ ရှိသေးလား။
၂၀၂၀ မှာ ပီခမ်း Passport လုပ်ဖို့လွယ်သွားပြီလား။ ၂၀၂၀ မှာ ကားဟောင်းတွေ ဈေးတတ်တုန်းပဲလား။ ၂၀၂၀မှာ မြစ်ဆုံစီမံကိန်း ပြန်စဖြစ်လား။ ၂၀၂၀မှာ နိုင်ငံတော် သမ္မတက ဘယ်သူများလဲ။ ၂၀၂၀မှာ လူကြိုက်အများဆုံး ဘလော့ကာက နိုင်းနိုင်းစနေဖြစ်နေတုန်းလား။ ၂၀၂၀မှာ လူပီသမှုကို တိုင်းတဲ့ပေတံပြောင်းသွားပြီလား။ ၂၀၂၀မှာ 3D ရုပ်ရှင်တွေ မြန်မာပြည်မှာ ကြည့်လို့ရပြီလား။ ရခိုင်ဒေသနဲ့ မြို့တော်ရန်ကုန်က ဆယ်စုနှစ် ၂ခုစာလောက် ကွာခြားနေတုန်းလား။ ဒေါက်တာစိုးမင်းရော အမ်းဆေးရုံမှာ တာဝန်ကျတုန်းလား။ ဆေးရုံမှာ မြွေဆိပ်ဖြေဆေး အစုံရောက်ပြီလား။ (မသိလို့ မေးတာနော့်)
၂၀၂၀မှာ အဝါရောင်တွေ အများကြီးပါတဲ့ အိမ်ဝိုင်းဝိုင်းလေးနဲ့ ကုတင်ဝိုင်းဝိုင်းလေး ငါပိုင်ဆိုင်ပြီလား။ ….
လူသားတိုင်းတွင် မည်သည့် လူသားအဖြစ် ဖြစ်တည်ရန် ရွေးချယ်ခွင့်မရှိအောင် တစ်ခါတစ်ခါတွင် ပေတံများက စည်းကျပ်ထားသည်။ သို့သော် ကျွန်မအမြင်တွင် လူတစ်ယောက်ချင်းစီတွင် မိမိဖြစ်တည်မှုကို မိမိရွေးချယ်ရန် အခွင့်အရေးရှိသင့်သည်။
·         ထိုရွေးချယ်မှုအတွက် ပေးဆက်ရမည့် တန်ဖိုးများ၊ နာကျင်မှုများ ရှိကောင်းရှိနိုင်ပြီး မိမိရွေးချယ်မှုအတွက် မိမိတာဝန်ယူရဲသည့် သတ္တိရှိရန် လိုအပ်သည်။
·         ထိုသတ္တိမျိုးမရှိပါက မိမိမှားယွန်းမှု၊ ရှုံးနှိမ့်မှုများအတွက် ပေတံများကို တရားခံအဖြစ် အပြစ်ပုံချရန်အတွက် ထိုသမာရိုးကျပေတံ အတိုင်းသာ သင့်ဘဝကို တည်ဆောက်နိုင်သည်။
·         လူသားဆန်သော လူသားများသည် မိမိဖြစ်တည်မှုကို ကိုယ်တိုင်ရွေးချယ်ပြီး စက်ရုပ်ဆန်သော လူသားများသည် စက်ရုပ်ဆန်ဆန်ပေတံများကိုသာ လိုက်နာကြသည်။
၂၀၁၁ မှာ ဒီလိုအတွေးအခေါ်မျိုးရှိတဲ့တဲ့ မိန်းကလေးတစ်ယောက်ရော … ၂၀၂၀မှာ ကိုယ်ရွေးချယ်မှုကို ကိုယ်တာဝန်ယူရဲတဲ့ လူသားဆန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေဆဲလား…..
မေးခွန်းတွေများလွန်းလို့ ဆေးလိပ်သောက်ချင်လာသည်။ လိုတာရ လွယ်အိပ်ထဲနှိုက်ကြည့်တော့ ခြူးနဂါးတစ်ကောင် ခုန်ထွက်လာသည်။ ခါတိုင်းသောက်နေကျ Mind Seven Light မဟုတ်တော့။ ဘာပဲဖြစ်ဖြစ် ဆာနေရင်တော့ ကောင်းတာချည်းပါပဲ။ ဆေးလိပ်လေးဖွာရင်း လမ်းဘေးအုတ်ခုံမှာ ထိုင်ငေးနေလိုက်သည်။ အခိုးအငွေ့ အဖြူရောင်တွေကြား ဒေါသ၊ မောဟ၊ လောဘတို့နဲ့ သွားလာနေတဲ့ လူဘဝထဲ ခဏလာလည်တဲ့ ခရီးသည်တွေကို တွေ့ရသည်။
သွားလာလှုပ်ရှားနေတဲ့ လူတွေကြားမှာ စက်ရုပ်လိုကျင့်ဝတ်နဲ့ အသက်ရှင်နေတဲ့လူသား ဘယ်နှစ်ယောက်ရှိပြီး လူသားဆန်စွာ နေထိုင်ကြတဲ့ လူသားဘယ်နှစ်ယောက်များ ရှိနေမလဲ တွေးမိသည်။ ခဏနေလူ့လောကကို စွန့်ခွါသွားမည့်သူတွေက ဘယ်နှစ်ယောက်ရှိပြီး နောက်နှစ်ပေါင်းများစွာ ရှင်လျှက်နဲ့ သေနေမည့် ကိုယ်လိုလူတွေရော ဘယ်နှစ်ယောက်ရှိမလဲ။
တွေးမရတဲ့အဆုံး ဟိုဘက်လမ်းကို ထကူးလိုက်သည်။ မျဉ်းကြားက မကူးမိဘူး။ မီးပွိုင့်မကြည့်မိဘူး။ သတိရတဲ့အချိန် ဘေးကိုလှည့်ကြည့်လိုက်သည်…………………………………………….
…………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
သေဆုံးခြင်းနှင့် ရှင်သန်ခြင်း ကြားထဲတွင် ခြားနေသော ကာလမှ ဆံချည်မျှင်တစ်ထောင်ပုံ တစ်ပုံစာပင်မရှိ။
…………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
လူသားဆန်စွာ ရှင်သန်လိုသူတစ်ယောက် လူသားဆန်စွာ သေဆုံးသွားခြင်းလား……………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
…………………………………………
၂၀၁၂ နှင့် ၂၀၂၀ ကြား ဖြတ်သန်းခဲ့သည့် ကာလများသည် စက်ရုပ်ဆန်စွာ ရှင်သန်ခဲ့ခြင်းလား…………………….. လူသားဆန်စွာ ရှင်သန်ခဲ့ခြင်းလား…………………………………………
လူ့ဘဝတွင် လူသားဆန်သော နွေးထွေးမှုများရှိသည်။
လူ့ဘဝတွင် စက်ရုံမှထွက်လာသော ပေတံများရှိသည်။
လူ့ဘဝတွင် အတ္တမာနများရှိသည်။
လူ့ဘဝတွင် မေတ္တာတရားရှိသည်။
လူ့ဘဝတွင် ရန်ငြိုးရန်စများရှိသည်။
လူ့ဘဝတွင် နားမလည်နိုင်သော အဖြစ်အပျက်များရှိသည်။
…………………………………………
…………………………………………
…………………………………………
……………………………………………………………………………
………
ပျက်ပြယ်သွားသော ချိန်းဆိုမှုများ…………………….

လမ်းဘေးက အရူးတစ်ယောက်က မှတ်ချက်ချသည်။ သွေးတွေကုန်သွားရင် လူတွေသေသွားတယ်။
နောက်ဆုံးခရီးကို မသွားခင် ကော်ဖီခါးခါးတစ်ခွက် ဇိမ်ဆွဲပြီး သောက်သွားချင်သည်။

မေးခွန်းတွေများတဲ့ ၂၀၂၀မှာ တကယ်ဖြစ်သွားတာကတော့ သေဆုံးခြင်းသာဖြစ်သည်။


စကြာနှင့် ကျွန်မ ရေးသားသော လူနှင့်..................... ဆောင်းပါးများကို ပြန်လည်ခံစားသည်။

1 comment:

  1. ၁) နင် ဖတ်ခိုင်းတဲ့ အချိန်လေးမှာ ငါ ဘယ်လိုမှ မဖတ်နိုင်ခဲ့တာ စိတ်မကောင်းဘူး။
    ၂) နင် စာရေးတာ အရမ်း အရမ်းကို တိုးတက်လာတယ်။
    ၃) ငါ ငါ့ရဲ့ ပို့စ်မှာ မကျန်သင့်ပါလျက်နဲ့ ကျန်ခဲ့တဲ့ အဓိကကျတာလေးတစ်ခုကို ပြန်ပေါင်းရေးဖို့ လိုနေပြီဆိုတာ သိလိုက်ရတယ်။
    ၄) ငါပါ ပါလာလို့ ရီချင်သလိုလိုဖြစ်သွားတယ်။ (ကာ့ဒ် နဲ့ ငါ ပညာပေး ဗွီဒီယို တူတူ ကြည့်လိုက်ရမှာပေါ့နော်.. ခွိစ်စ်စ်စ်)

    ReplyDelete