ဒီနေ့ ဖေဖေက Facebook မှာ မေမေစိုက်ထားတဲ့
ပန်းပုံလေး တင်ထားတယ်တဲ့…. ဝင်ကြည့်လို့ ပြောတယ်..
ကိုယ်က Facebook မသုံးဘူး gmailက ပို့ပေးပါဆိုတော့
gmail က မပို့တတ်သေးဘူးတဲ့.. ဒါနဲ့ attach ဘယ်လိုတွဲလဲ လှမ်းပြောပြလိုက်တယ်…
ကိုယ့်ဖေဖေက IT ကို စိတ်ဝင်စားတယ်…
သူက နဂိုကတည်းက Electronic ပစ္စည်းတွေဆိုရင် အရမ်း သဘောကျ စိတ်ဝင်စားတတ်တာ…
သူပန်းပုံလေး ပို့ပြီးတဲ့အချိန် ကိုယ်က
gmail ကို ပိတ်လိုက်ပြီးတာနဲ့ ရုံးမှာ မစစ်ကြည့်လိုက်တော့ဘူး…
အခု အိမ်ရောက်တော့ ဘယ်ကရမှန်းမသိ ရနေတဲ့
ကွန်နက်ရှင်နဲ့ မေးစစ်ကြည့်လိုက်တယ်..
မေမေစိုက်ထားတဲ့ ပန်းကလေးတွေ… ပွင့်နေလိုက်တာ…
အရမ်းလှတာပဲ…
ကိုယ်အိမ်ကို အရမ်းလွမ်းသွားတယ်… ကိုယ့်မေမေက
ပန်းစိုက်တာ အရမ်းကို ဝါသနာပါတာ…
ကိုယ့်အိမ်လေးမှာ အိမ်သေးသေးလေး ခြံဝင်းကျဉ်းကျဉ်းလေးမှာ
ပန်းပင်လေးတွေ စိုက်ထားလိုက်တာ… အမျိုးကိုစုံလို့… အရောင်ကို စုံလို့…. ရာသီမရွေး စိမ်းလန်းလို့….
ဒီတစ်ခါ အိမ်ပြန်ရောက်မှ မေမေပန်းပင်လေးတွေကို
ဓါတ်ပုံလှလှလေး ရိုက်ပေးရမယ်…
ကိုယ်တို့ မြို့လေးက တောင်ပေါ်မြို့လေး
…. ကိုယ်တို့ အိမ်လေးက တောင်ပေါ်မြို့ရဲ့ တောင်ပေါ်မှာရှိတယ်…
အဲဒီအိမ်လေးမှာ ကိုယ် ၃ တန်း ၄ တန်းလောက်မှာ
စပြီး နေထိုင်ခဲ့တယ်..
ဖေဖေက ခြံလေးဝယ်ပြီး ကိုယ်တိုင်ဆောက်ယူခဲ့တာ..
ကိုယ်တိုင်ဆောက်ခဲ့တယ်ဆိုတာ ကိုယ်တိုင်ပန်းရံလုပ်တာတော့ မဟုတ်ဘူးပေါ့… မြေကွက်လေးဝယ်…
ဒီနားမှာအိမ်ဆောက်… ဟိုနားမှာရေတွင်းတူးပေါ့.. (ဟိုနားက သစ်ပင်စိုက်… ဒီနားက သစ်ပင်ခုတ် လည်းပါတယ်.)
ကိုယ်တို့အိမ်က ရေတွင်းကို အိမ်ရှေ့မှာ
တူးထားတယ်… ကိုယ်တို့နေရာရဲ့ မြေနေရာက မြေသား (၁၀)ပေသာသာ လောက်ပဲရှိပြီး အဲဒီအောက်မှာ
ကျောက်သားတွေပဲရှိတဲ့ တောင်ပေါ့… အဲဒီရေတွင်းတူးတာ သာမန်ရေတွင်းတွေ တူးတာထက် အများကြီး
ပိုခက်ခဲတယ်… ပထမနှစ်မှာ စတူးတော့ သိပ်အနက်ကြီး မဟုတ်ဘူး.. အဲဒီတွင်းကို ကိုယ်ရွာထဲက
ရေတွင်းတူးသမားက စတူးခဲ့တယ်… ရွာဆိုပေမယ့် အခုတော့ ရွာမဟုတ်တော့ပါဘူး.. မြို့ကတစ်ဖြည်းဖြည်း
ကျယ်ပြန့်လာပြီး အရင်က ဘုရားဖြူရွာလို့ ခေါ်ခဲ့တဲ့ ကိုယ်တို့နေရာလေးဟာ အခုတော့ ဘုရားဖြူရပ်ကွက်ဖြစ်လို့လာပြီ….
ကိုတို့ရေတွင်းကို တူးခဲ့တဲ့ ရေတွင်းတူးသမားက
အရမ်းသန်မာတဲ့ သူတစ်ယောက်ပေါ့… အံ့သြလေးစားဖို့ ကောင်းတာက သူ့မှာ ခြေထောက် ၂ ဘက်လုံးမရှိဘူး…
ရေတွင်းလိုက်တူးရင်းက တွင်းပြိုကျလို့ ခြေထောက်ဖြတ် လိုက်ရတယ်လို့ ငယ်ငယ်က ကြားဖူးတယ်….
သူခြေထောက်ကို ပေါင်ရင်းကနေ ဖြတ်လိုက်ရပေမယ့် သူက အားမသန် မာန်မလျှော့ဘူး… နောက်ပိုင်းလည်း
ရေတွင်း ဆက်တူးနေတာပဲ… ကိုယ်တို့ရေတွင်းကို သူတူးသွားတာ လေးထောင့်စပ်စပ် ညီညာလို့…
သူလမ်းသွားရင် လက်နဲ့ သွားတယ်.. သူလက်မောင်းတွေက အရမ်းကို သန်မာတယ်… လက်ကို လက်လိုရော
ခြေထောက်လိုပါ အသုံးချလို့ ဖြစ်လိမ့်မယ်ထင်ရဲ့…
သူတူးခဲ့တဲ့ ရေတွင်းလေးက နှစ်စဉ် နွေရာသီရောက်တိုင်း
ရေခမ်းသွားတတ်တယ်… အဲဒီလို ရေခမ်းခြောက်သွားရင် ကိုယ့်ဖေဖေက လှေကားတစ်စင်းထောင်ပြီး
ကိုယ်တိုင် ဆင်းဆင်းတူးတတ်တယ်… ဖေဖေ သိပ်ပင်ပန်းမှာ… သူက အဲဒီအချိန်က ကားမောင်းနေတာပေါ့…
ခရီးကပြန်လာပြီး ၃ ၄ ရက်လောက်နားရင် ရေတွင်းတူးတယ်… ဒီလို နှစ်တိုင်းတူးလိုက်တာ ရေတွင်းဟာ
အခုဆို နွေရာသီဆိုလည်း ရေကို ပူစရာမလိုတော့ဘူး… ဘယ်တော့မှ ရေခမ်းတယ်လို့ မကြား၇တော့ဘူး…
ဖေဖေတူးလိုက်တဲ့ ရေတွင်းကတော့ ဟိုခြေထောက်မရှိတဲ့
သူတူးထားသလို လေးထောင့်စပ်စပ်တော့ မဟုတ်တော့ဘူး… ရေတွင်းက တစ်ဖြည်းဖြည်း ဝိုင်းသွားပြီး
မညီမညာလေး စောင်းနေတယ်… လိမ်နေတယ်လို့ ပြောလို့ရမလား… ပုံပန်းကမလှပေမယ့်… ဖေဖေတူးခဲ့တဲ့
ရေတွင်းဟာ အခုထိ တစ်ခြားနေရာတွေမှာ ရေပြဿနာတတ်နေပေမယ့် ကိုယ်တို့အိမ်က ဘေးအိမ်တွေကိုတောင်
ရေလှူပေးနိုင်တဲ့အထိ ရေထွက်နေတယ်…
လူတွေပြောကြတဲ့ ရေအကျိုး ဆယ်ပါးဆိုတာကို
ဖေဖေနဲ့ မေမေကတော့ အများဆုံးရမှာလို့ ကိုယ်ယုံတယ်… ဘာလို့လဲဆိုတော့ ဖေဖေက ဒီရေတွင်းလေးကို
တူးထားပြီး မေမေက ဘေးအိမ်တွေအတွက် ရေပေးဝေတယ်…. Water distribution ကို NGO မှာမှ တွေ့ဖူးတာ
မဟုတ်ပါဘူး.. ငယ်ငယ်ကတည်းက ကိုယ့်မေမေက ဒီလို Project ကို time limit မရှိဘဲ လုပ်နေခဲ့တာ…
NGO တွေကမှ Fund ရှိမှ 1 year project, 2 years project လောက်လုပ်နိုင်တာပါ…. ကိုယ့်မေမေအတွက်တော့
Donor မလိုဘူး။ Funding မလိုဘူး။ Proposal မလိုဘူး။ ဖေဖေ့ရေတွင်းလေး ရှိတာနဲ့ပဲ water distribution လုပ်လို့ရပြီ။…..
အဲဒီရေတွင်းလေးထဲက ရေကြည်လေးတွေဟာ မေမေ့စိုက်တဲ့
သစ်ပင်ပန်းမန်တွေကို ရှင်သန်ကြီးထွား စေခဲ့တယ်…. ပွင့်လန်းစေနိုင်ခဲ့တယ်…. ကိုယ်တို့
အိမ်လေးဟာ အိမ်ဆိုပေမယ့် တောအုပ်လေးတစ်ခုလို စိမ်းလန်းမှုကို ရာသီမရွေးတွေ့ရတယ်… ပန်းတွေပွင့်တတ်တဲ့
ရာသီရောက်ရင်တော့ ပန်းရောင်စုံလေးတွေနဲ့ပေါ့… အိမ်မှာ မနေရတာကြာတာကြောင့် ဘယ်ရာသီမှာ
ပန်းတွေ အပွင့်ဆုံးလဲ ဆိုတာတော့ ကိုယ်မသိတော့ဘူး… ပန်းလှလှလေးတွေ ပွင့်လာရင် ကိုယ့်မေမေက
ပန်းကို မခူးပဲနဲ့ ပန်းအိုးလိုက် ဘုရားစင်ပေါ်တင်ပြီး ကပ်လှူတတ်တယ်… ကိုယ်တို့ ဘုရားစင်လေးက
မေမေလှူထားတဲ့ ပန်းရောင်စုံ၊ သစ်သီးရောင်စုံတွေနဲ့ အမြဲဝေဆာနေတတ်တယ်…
ကိုယ်တို့အိမ်က နတ်တွေဘာတွေ မကိုးကွယ်ဘူး…
ဒါကြောင့် ကိုယ်တို့ဘုရားစင်မှာ ဗုဒ္ဓဘုရား တစ်ပါးတည်း သီးသီးသန့်သန့် စံမြန်းနေတယ်။…
ကိုယ်တို့အိမ်လေးက အရမ်းလှပတဲ့ အိမ်တစ်အိမ်တော့
မဟုတ်ပါဘူး။ ရှုပ်ထွေးနေတဲ့ နေရာတွေမှာ ရှုပ်ထွေးနေတာ ဥပမာ ကိုယ့်ဖေဖေရဲ့ ကားပစ္စည်းတိုလီမိုလီတွေထားတဲ့
နေရာတွေမှာပေါ့။ ပွနေပေမယ့် အရမ်း အသုံးဝင်တဲ့ အမှိုက်ပုံပေါ့။ (ဒီလိုပြောရင် ဖေဖေ
စိတ်ဆိုးမလားပဲ၊ သူ့ရဲ့ ရတနာသိုက်ကို အဖိုးတန် အမှိုက်ပုံလို့ သုံးလို့လေ)။ အိမ်မှာ
သုံးနေတဲ့ ဘယ်ပစ္စည်း ပျက်သွား ပျက်သွား၊ ဘယ်ပစ္စည်း ပြင်ဖို့လိုလို အဲဒီအမှိုက်ပုံလေးထဲက
ပစ္စည်းလေးတွေနဲ့ အဆင်ပြေ သွားတတ်တယ်။
အခုတော့ အဲဒီရတနာသိုက်လေးက အိမ်အနောက်ဘက်မှာ
ဂိုဒေါင်လေးနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်နေပြီပေါ့။ အရင်က အဲဒီရတနာသိုက်ရဲ့ နေရာက အခု ကိုယ့်မောင်လေးနဲ့
ကိုယ်ရဲ့ အိမ်ခန်းနေရာမှာ နေခဲ့တာပေါ့။ ကိုယ်တို့ ၂ ယောက်နေဖို့ ကိုယ့်ဖေဖေက အိမ်ခန်းလေးတွေကာပေးတော့
ရတနာသိုက်လေး ခမျာ အပြင်က ဂိုဒေါင်ဆီကို ဒိုးရတော့တာပေါ့။
ကိုယ်တို့ အိမ်လေးဟာ ကိုယ်တို့ အဆင်ပြေတဲ့အချိန်
ဟိုနားလေး တိုးဆောက် ဒီနားလေး ချဲ့လုပ်ရတာကြောင့် အချိုးအစားကျကျ လှလှပပ အိမ်လေးတော့
မဖြစ်ခဲ့ဘူး။ ဒါပေမယ့် သာယာတဲ့ အိမ်လေးတော့ ဖြစ်ခဲ့တယ်။ ကိုယ်တို့ အိမ်လေးမှာ ထူးခြားတဲ့
အချက်လေးတွေလည်း ရှိလေရဲ့….
အဲဒါကတော့ ရေချိုးခန်းနဲ့ အိမ်သာက အိမ်အတွင်းမှာ
တံခါးတစ်ပေါက် အိမ်အပြင်ထွက်ဖို့ တံခါးတစ်ပေါက်ရှိတာပဲ။ ရေချိုးတော့မယ် ဒါမှမဟုတ် အိမ်သာတတ်တော့မယ်ဆိုရင်
တံခါးကို ၂ ပေါက်လုံး ပိတ်ရတယ်။ အဲ ကိစ္စပြီးရင်လည်း တံခါး ၂ ပေါက်လုံးကို ပြန်ဖွင့်ပေးခဲ့ရတယ်။
နောက်ထူးခြားတဲ့ တစ်ခုကတော့ ကားဂိုဒေါင်ဟာ
အိမ်ရဲ့ အလယ်မှာ ဖြစ်နေတာပဲ။ အဲဒါကလည်း အိမ်ကို တစ်ဖြည်းဖြည်း ချဲ့ယူရလို့ ဖြစ်ခဲ့တာပါပဲ။
ကိုယ့်မောင်လေးနဲ့ ကိုယ့်အတွက် အိမ်ခန်းတွေကို ကာလိုက်တော့ ကားထားဖို့နေရာက အိမ်အလယ်ကို
ရောက်သွားတာလေ။
အဲဒီအိမ်ခန်းလေးမှာ ပြန်နေဖို့ အကြိမ်ကြိမ်
အိမ်မက်တွေ မက်ခဲ့ပြီး နောက်ဆုံးမှာ အဲဒီအခန်းလေးမှာ ကိုယ်မနေခဲ့ရဘူး။ အိမ်နဲ့ အဝေးကြီးမှာ
အလုပ်တွေလုပ်ရင်း ရှင်သန်နေရတယ်။
ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ အဲဒီအိမ်လေးမှာ
ဖေဖေက ရေတွင်းလေး တူးပေးခဲ့ပြီး၊ မေမေက အဲဒီရေတွင်းက ရေတွေနဲ့ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးခဲ့တယ်။
ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ကိုယ်တို့ သားအဖတွေ အဲဒီအိမ်လေးကို ဆေးရောင်စုံတွေ တူတူသုတ်ခဲ့ကြတယ်။
အခုတော့ အဲဒီအိမ်လေးမှာ ကိုယ်ချစ်တဲ့
ဖေဖေနဲ့ မေမေ ၂ ယောက်တည်း တိတ်ဆိတ်နေမလား။
အခါအခွင့်သင့်ရင် အဲဒီအိမ်လေးမှာ တူတူပြန်ပြီး
ပေါင်းစုနေချင်သေးတယ်……..
ဖေဖေပို့ လာတဲ့ပုံလေးကို နည်းနည်းပြင်ထားတာ.... |
Home Sweet Home
ReplyDeleteVery Pleased for...
Great Well...
Noble Water Distribution...
Funny Bathroom...
And Beautiful Garden...
And nice people. :)
Delete:)
Deleteတံခါး က တချပ်တည်းပိတ်လို့ရဘူးလားဟင်?
ReplyDeleteတချပ်တည်းပိတ်တော့ဘူချောင်းကြည့်လဲဟင်?
အိမ်မှာချောင်းတတ်တဲ့အကျင့်ဘူ့မှာရှိလဲဟင်?
သိချင်လားဟင်...
Deleteလာလည်ပါလား... သိရမယ်လေ.. :)